တာချီလိတ်မြို့နယ် စည်ပင်သာယာရေးလုပ်ငန်းများအတွက် တင်ဒါများစတင်ခေါ်ယူ

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးလုပ်ငန်းများအတွက် တင်ဒါများစတင်ခေါ်ယူ
နိုဝင်ဘာ 19, 2019
By Tachileik News Agency
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်  စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းတွဲ (၁၁) ခုခေါ်ယူမည်ဖြစ်ပြီး၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့မှ စတင်၍ တင်ဒါလျှောက်လွှာများရောင်းချနေပြီ ဖြစ်သည်။

ပထမသုံးလပတ်အတွက် တင်ဒါခေါ်ယူထားသည့် လုပ်ငန်းတွဲပေါင်း (၅)ခု၊ ဒုတိယသုံးလပတ်အတွက် တင်ဒါခေါ်ယူမည့် လုပ်ငန်းတွဲပေါင်း (၄)ခုနှင့် တတိယသုံးလပတ်အတွက် တင်ဒါခေါ်ယူမည့် လုပ်ငန်းတွဲပေါင်း (၅)ခုရှိခြင်းဖြစ်သည်။

တင်ဒါလျှောက်လွှာရောင်းချမှုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ ညနေ (၄)နာရီပိတ်သိမ်းမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို ဒီဇင်ဘာ (၃) ရက်နေ့ ညနေ (၄) နာရီနောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။

 အသေးစိတ်အချက်အလက်များ သိရှိလိုပါက တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၈၄-၅၂၈၅၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

စည်ပင်သာယာရေးဌာန၏ လုပ်ငန်းများဖြစ်သည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ တံတားသစ်တည်ဆောက်ခြင်း၊ ရေမြောင်းပြုလုပ်ခြင်း၊ မြေကာနံရံပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားခြင်းဖြစ်ပြီး တင်ဒါလုပ်ငန်းတွဲ (၁၁)ခုတွင် လုပ်ငန်းပေါင်း (၄၀)ပါဝင်သည်ကို တွေ့ရသည်။
ဌာနဆိုင်ရာများအနေဖြင့် ဘတ်ဂျက် ကျပ်သိန်း (၁၀၀)နှင့်အထက် သုံးစွဲလုပ်ကိုင်မည့်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူလုပ်ကိုင်ရန် နိုင်ငံတော်သမ္မတရုံးအမိန့် ၁/၂၀၁၇ ဖြင့် ညွှန်ကြားချက်အရ တင်ဒါခေါ်ယူလုပ်ကိုင်လာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net