လောင်းကစားလုပ်ငန်းများ ပေါများသည့် တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦးကို ချဲထီ ရောင်းချသည်ဟုဆိုကာ ဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်

လောင်းကစားလုပ်ငန်းများ ပေါများသည့် တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦးကို ချဲထီ ရောင်းချသည်ဟုဆိုကာ ဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်
ဖေဖော်ဝါရီ 17, 2023 | မှုခင်းသတင်း| ရှမ်းရှေ့

တာချီလိတ်တပ်နယ် နှင့် ရဲတပ်ဖွဲ့ကို ငွေကြေး တောင်းသလောက်ပေးနိုင်ပါက လောင်းကစားလုပ်ငန်းများ တရားဝင်သဖွယ် လုပ်ကိုင်ခွင့် ရရှိနေသည့် တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦးကို ချဲ(သုံးလုံးထီ)ရောင်းချသည်ဟုဆိုကာ ဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အပိုင်း ပါဆတ်ကားလေးကွင်းအဝင်ပေါက် အနီးတွင် အသက်(၄၀)ဝန်းကျင်ရှိ အမျိုးသမီးဖြစ်သူ ဒေါ်နန်းဆွတ်အား ချဲဘောင်ချာ စာရွက်များ အပါအဝင်  ချဲလာထိုးထားကြသည့် ထိုင်ဘတ်ငွေ (၁၃,၀၀၀)ကျော်လည်း တွေ့၍ဟုဆိုကာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့က နေ့လည်ပိုင်းက ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

"အရင်တုန်းကတော့ လောင်းကစားမှန်သမျှကို ခရိုင်/မြို့နယ်ရဲက အဓိကပဲ သူတို့ထဲနေ တာဝန်ခံက လိုက်ကောက်ပြီး ပြန်ခွဲတမ်းချပေးတာ။ အခုကတော့ စစ်တပ် ခေတ်ဖြစ်နေတော့  ဗိုလ်ကြီးအဆင့်က ဒိုင်ခံကောက်ပြီး အထက်အရာရှိကို ပေးနေတာပေါ့။ တခါတလေ အဲ့ဒီ အထက်အရာရှိကိုယ်တိုင် တိုက်ရိုက်သွား ယူတာလည်းရှိတယ်၊ အာဏာသိမ်းပြီးနောက်ပိုင်း ရဲတွေရဲ့ လောင်းကစားဝိုင်းပေါ်က အာဏာကို စစ်တပ်က သိမ်းလိုက်သလိုပဲ။ ဗျူဟာနဲ့ နီးစပ်တဲ့ လောင်းကစားဝိုင်းတွေဆိုရင် ရဲတွေတောင် မထိရဲ မတို့ရဲတဲ့အထိပဲ ဖြစ်လာတယ်။ ခုလည်း မနေ့က ချဲရောင်းလို့ဆိုပြီး ဖမ်းသတဲ့။ တာချီလိတ်မှာ လောင်းကစားလုပ်ငန်းတွေ ရပ်ကွက်တိုင်းမှာ ရှိနေတာကို ခုလို ချဲရောင်းတာကိုတော့ ဖမ်းတယ်ဆိုတာ ဖြစ်သင့်လား မဖြစ်သင့်လား စဉ်းစားကြည့်တော့ဗျာ။ "ဟု ဒေသခံ ကိုမင်းကျော်က  Tachileik News Agency သို့ ပြောသည်။

ချဲထီရောင်းချမှုမှုဖြင့် အမျိုးသမီးအား ဖမ်းဆီးပြီး ဟောင်လိတ်နယ်မြေရဲစခန်း၏ စခန်းမှူး ရဲအုပ်ပြည့်စုံဖြိုးက တရားလိုပြုလုပ်ကာ ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၁၇/၂၀၂၃၊ ၂၀၁၉ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည့်အတွက် အများစုမှာ လောင်းကစားလုပ်ငန်းများဖြစ်ကြပြီး အဆိုပါ လုပ်ငန်းများသည် စစ်တပ် အပါအဝင် ရဲတပ်ဖွဲ့နှင့်မကင်းနိုင်ကြသူများဖြစ်ပြီး ၎င်းတို့အား လစဉ်ပေးရသည့် ငွေကြေးမှာလည်း များပြားသည်ဟု သိရသည်။