တာချီလိတ်မြို့ မြို့ကွက်သစ် အပိုင်း “ဈ” အနီး ဦးစိန်မောင်၊ ဦးဇော်ဇော်ထွန်း လုပ်ပိုင်ခွင့်ရမြေတွင် ခြံစည်းရိုးကာရံထားသူများ ဖယ်ရှားပေးရန် ဖေဖော်ဝါရီလ(၅)ရက်နေ့ တွေ့ဆုံဆွေးနွေးမည်

တာချီလိတ်မြို့ မြို့ကွက်သစ် အပိုင်း “ဈ” အနီး ဦးစိန်မောင်၊ ဦးဇော်ဇော်ထွန်း လုပ်ပိုင်ခွင့်ရမြေတွင် ခြံစည်းရိုးကာရံထားသူများ ဖယ်ရှားပေးရန် ဖေဖော်ဝါရီလ(၅)ရက်နေ့ တွေ့ဆုံဆွေးနွေးမည်
ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency
 

တာချီလိတ်မြို့ မြို့ကွက်သစ် အပိုင်း “ဈ” အနီး  ဦးစိန်မောင်၊ ဦးဇော်ဇော်ထွန်း လုပ်ပိုင်ခွင့်ရမြေတွင် ခြံစည်းရိုးကာရံထားသူများ ဖယ်ရှားပေးရန် ဖေဖော်ဝါရီလ(၅)ရက်နေ့ တွေ့ဆုံဆွေးနွေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မြို့ကွက်သစ် အပိုင်း “ဈ” အနီးတွင် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ လုပ်ပိုင်ခွင့်ရရှိထားသည့် မြေဧရိယာ (၂၀) ဧကပေါ်၌ ခြံစည်းရိုး ကာရံထားသူများ ဖယ်ရှားပေးနိုင်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၁၀) နာရီတွင် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

"ခြံစည်းရိုးတိုင် စိုက်ထားခြင်း၊ ခြံစည်းရိုးတိုင် ကာရံထားတဲ့ကိစ္စတွေကို ဒီလ (၅) ရက်နေ့မှာ ဆန်ဆိုင်း(ခ) ရပ်ကွက်ရုံးကို အကူအညီတောင်းပြီးတော့ ခြံစည်းရိုးတိုင်စိုက် ကာရံထားတဲ့သူတွေကို သူတို့လိုအပ်နေတဲ့ စာရွက်စာတမ်းကိစ္စတွေ၊ လိုအပ်နေတဲ့မြေပိုင်ပိုင်ဆိုင်မှု အထောက်အထားကိစ္စတွေကို ဆက်လက်ကူညီပါမယ် ဆိုတဲ့အကြောင်း ရှင်းပြပါမယ်"ဟု ဦးစိန်မောင်၏ သားဖြစ်သူ ကိုဝင်းကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် (၉)နှစ် ကြာသည်အထိ အကောင်အထည် မပေါ်နိုင်သေးသည့် ' ဈ' မြေကွက်သစ်နှင့် ဆက်စပ်နေသည့် မြေဧက (၂၀)တွင် မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ရထားခဲ့သည့် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့က မြေကွက်ရိုက်၍ ရောင်းချထားခဲ့ရာ Special Power ဖြင့် (၅၀) ဦးကျော်က မြေကွက်ပေါင်း (၂၈၀) ကျော်၊ စာချုပ်စာတမ်းဖြင့် (၇၀) ဦးကျော်က မြေကွက်ပေါင်း (၁၀၀) ကျော် အသီးသီးဝယ်ယူထားကြသည်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးက ကောက်ယူခဲ့သောစာရင်းများအရ သိရသည်။

"ကျွန်မဆီကို မနက်က ဖုန်းဆက်တယ်။ ခြံခတ်ထားတာ ရှိလားဆိုပြီးတော့။ ကျွန်မက ခြံခတ်မထားဘူး။ ၂၀၁၁ ခုနှစ်လောက်က ဝယ်ထားတာ။ အကွက် (၁၆) ကွက်ပေါ့။ ဦးစိန်မောင်၊ ဦးဇော်ဇော်ထွန်းတို့ (၂) ယောက်လုံး ဆီက။ Special Power ရော စာချုပ်ရောရှိတယ်။ လာပြောတဲ့ အစ်မတစ်ယောက်က ယုံကြည်ရတော့ ဝယ်လိုက်တာပေါ့။ တစ်တန်းလုံး ဝယ်လိုက်တာ။ မြေပိုနေတာတောင် သူတို့က ပေးမယ်ပြောတယ်။ ပြန်ရမယ်ဆိုရင်တော့ (၁၆) ကွက်လုံးလိုချင်တာပေါ့"ဟု မိုင်းယောင်းမြို့တွင်နေထိုင်သည့် ဒေါ်သန္တာအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေလွတ်မြေရိုင်းဥပဒေဖြင့် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့က မြေဧက (၂၀) ကို လုပ်ပိုင်ခွင့် ရယူပြီး အကွက်ဖော်ရောင်းချခဲ့ကြရာ  ဦးဇော်ဇော်ထွန်းက ၎င်းအမည်ဖြင့် ရောင်းချထားသည့် မြေကွက်များတွင် လမ်းနှင့် ရေမြောင်းများဖော်ဆောင်ရန်အတွက် မြေတစ်ကွက်လျှင် ဘတ်ငွေ (၁၀,၀၀၀) နှုန်းကို စာချုပ်စာတမ်းများဖြင့် ထပ်မံကောက်ခံခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရောင်းချထားသော်လည်း လက်ရှိအချိန်ထိ မြေကွက်ဖေါ်နိုင်ခြင်း မရှိသေးသဖြင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့ ရက်စွဲပါ စာအမှတ် ၄/၃၂-၇/ဦး ၆(၂၆၇၀)ဖြင့် ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့သည့်စာတွင် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့၏ မြေဧရိယာ (၂၀) ဧကအတွင်း တရားဝင် ဝယ်ယူထားသူများ၏ စာရင်းအမှန်အား ကောက်ခံ၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့အရောက် စာရင်းပြုစုတင်ပြရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

"ဌာနဆိုင်ရာတွေကနေပြီး ကျွန်တော်တို့ကို အကွက်ချမြေပုံထုတ်ပေးဖို့ကိစ္စက ခြံစည်းရိုးတိုင်တွေရှိနေတော့ အခက်အခဲဖြစ်နေတယ်။ သူတို့ခြံစည်းရိုးတိုင်တွေနှုတ်ပြီးရင် သက်ဆိုင်ရာဌာနဆိုင်ရာတွေကို စာတင်အကူအညီတောင်းပြီး အချိန်တိုအတွင်း ကူညီပေးဖို့ ကျွန်တော်ကြိုးစားပေးပါမယ်"ဟု ဦးစိန်မောင်၏ သားဖြစ်သူ ကိုဝင်းကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။       

ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ (၆) ရက်နေ့က ပထမအကြိမ် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရာ၌ မြေကွက်ဝယ်ယူထားသူ (၃၉) ဦး၊ ဒီဇင်ဘာ (၁၀) ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရာ၌ မြေကွက်ဝယ်ယူထားသူ (၂၁) ဦး၊ ဒီဇင်ဘာ (၁၅) ရက်နေ့က တတိယအကြိမ် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရာ၌ မြေကွက်ဝယ်ယူထားသူ (၅၁) ဦးတက်ရောက်ခဲ့သော်လည်း မြေရှင်များဘက်မှ ဦးစိန်မောင်၏ သားဖြစ်သူ ဦးဝင်းကျော်သာ တက်ရောက်ခဲ့ပြီး ကန့်ကွက်ထားသည့် ဦးဇော်ဇော်ထွန်း၏ ခြံစောင့်ဆိုသူများကို (၃) ကြိမ်တိုင်တိုင် အကြောင်းကြားစာပေးပို့ခဲ့သော်လည်း လာရောက်ဖြေရှင်းမှု မရှိသဖြင့် ကန့်ကွက်လွှာ ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မြို့ကွက်သစ် အပိုင်း(ဈ)အနီးတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ အမည်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသည့် မြေဧက (၂၀)တွင် မြေကွက် ဝယ်ထားသူများထံ မြေကွက်လက်ဝယ်အပ်နှံနိုင်ရေး ဆောင်ရွက်တော့မည်ဖြစ်ရာ မြေပုံကြမ်းတွင် မြေဧရိယာ (၂၀) အနက်မှ (၁၆.၃) ဧက ကျန်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ဦးစိန်မောင်၊ ဦဇော်ဇော်ထွန်း လုပ်ပိုင်ခွင့်ရ မြေပေါ်တွင် မြေကွက်လက်ရောက် အပ်နှံနိုင်ရေး ဆောင်ရွက်ရာတွင် ရှေ့နေများနှင့်တိုင်ပင်ပြီး ဦးဇော်ဇော်ထွန်းကို ခေါ်ယူဖြေရှင်းရန်နှင့် ဦးဇော်ဇော်ထွန်း ရောက်ရှိမလာပါက တစ်ဦးတည်းလုပ်ပိုင်ခွင့်ကို မြေလွတ်မြေရိုင်းကော်မတီတွင် လျှောက်ထားဆောင်ရွက်ရန် တာချီလိတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လမ်းညွှန်ထားကြောင်း သိရသည်။

(ဈ)မြေကွက်သစ်စီမံကိန်းအနီးရှိ အဆိုပါ မြေဧက (၂၀)တွင် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့အနေဖြင့် မြေကွက်ဖေါ်ဆောင်ရောင်းချခွင့် ရထားခြင်းဖြစ်သော်လည်း အမည်အမျိုးမျိုးဖြင့် မြေကွက်ရောင်းချထားခြင်းများရှိနေပြီး မြေကွက်ဝယ်ထားသူများထံ မြေကွက်အပ်နှံနိုင်ခြင်းမရှိသေးဘဲ ဖြစ်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~