NASA က လွှတ်တင်လိုက်သည့် Orion အာကာသယာဥ် လကမ္ဘာနှင့်အနီးဆုံးသို့ ချဥ်းကပ်ရောက်ရှိ

NASA က လွှတ်တင်လိုက်သည့် Orion အာကာသယာဥ် လကမ္ဘာနှင့်အနီးဆုံးသို့ ချဥ်းကပ်ရောက်ရှိ
ဒီဇင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်အာကာသအေဂျင်စီ NASA က လွှတ်တင်လိုက်သည့် လူလိုက်ပါခြင်း မရှိသော လကမ္ဘာသွား Artemis 1 အာကာသခရီးစဥ်တွင် ပါရှိသည့် Orion အာကာသယာဥ်မှာ ဒီဇင်ဘာလ (၅) ရက်နေ့တွင် လမျက်နှာပြင်မှ မိုင် (၈၀) အတွင်းသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး လွန်ခဲ့သည့် ရာစုနှစ်တစ်ဝက်က Apollo 17 အာကာသခရီးစဥ်နောက်ပိုင်း လနှင့်အနီးကပ်ဆုံးသို့ အာကာသယာဥ်တစ်စီး ချဥ်းကပ်ရောက်ရှိသည့် အောင်မြင်မှုဖြစ်လာခဲ့သည်။

ဒီဇင်ဘာလ (၅) ရက်နေ့တွင် Orion က လမျက်နှာပြင်အထက် (၇၉) မိုင်အကွာသို့ ရောက်ရှိခဲ့ပြီး ကမ္ဘာမြေပြင်သို့ ပြန်လာရန် ပြင်ဆင်နေပြီဟု ဆိုသည်။ 

လမျက်နှာပြင်အပေါ်ဘက်တွင် ကမ္ဘာမြေပြင်သို့ ပြန်လာရန် ပြင်ဆင်နေမှုက Orion အတွက် အဓိကကျသည့် နောက်ဆုံး အာကာသလေ့ကျင့်ပျံသန်းမှုဖြစ်မည်ဟု NASA က ပြောသည်။ 

Orion လကမ္ဘာသွား အာကာသယာဥ်ကို လာမည့် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ပင်လယ်ပြင်အတွင်းသို့ ပြန်လည် ဆင်းသက်လာစေရန် စီစဥ်ထားကြောင်း သိရသည်။

Orion လကမ္ဘာသွား အာကာသယာဥ်ကိုအရှည် (၃၂၂) ပေရှိ Space Launch System သို့မဟုတ် SLS ဒုံးပျံကို ဖလော်ရီဒါပြည်နယ်ရှိ Kennedy Space Center အာကာသလွှတ်တင်ရေးစခန်းကနေ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ 

ယခု စမ်းသပ်ခရီးစဥ်တွင် NASA အင်ဂျင်နီယာများက လကမ္ဘာသွား Orion အာကာသယာဥ်၏ စွမ်းဆောင်ရည်ကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်သည်။

အင်ဂျင်နီယာအဖွဲ့အနေဖြင့် Orion က လကမ္ဘာပတ်လမ်းသို့ အာကာသယာဥ်မှူးများ လိုက်ပါသည့်ခရီးစဥ်အတွက် အဆင်သင့်ဖြစ် မဖြစ်ကို အကဲဖြတ်သွားမည်ဟု သိရသည်။ 

အာကာသယာဥ်မှူးများ လိုက်ပါသည့် လကမ္ဘာခရီးစဥ်ကို လက်ရှိတွင် ၂၀၂၄ ခုနှစ်အတွင်း သွားရောက်ရန်စီစဥ်ထားသည်။

လပေါ်သို့ လူသားများ ပထမဆုံး ခြေချခဲ့မှုမှာ ၁၉၆၉ ခုနှစ်က အပိုလို ၁၁ (Apollo 11) အာကာသခရီးစဥ်ဖြင့် အာကာသယာဥ်မှူး နီးလ်အမ်းစထရောင်းနှင့် ဘက်ဇ်အယ်လ်ဒရင်တို့ လပေါ်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ 

Apollo 11 အာကာသခရီးစဥ်တွင် အာကာသယာဥ်မှူး မိုက်ကယ်ကောလင်းစ်လည်း ပါဝင်ခဲ့ပြီး ၎င်းတို့ (၃) ဦးမှာ လ၏ မျက်နှာပြင်ပေါ်တွင် (၂၁) နာရီနှင့် (၃၆) မိနစ်ကြာရှိခဲ့ကြပြီး လပေါ်မှ နမူနာပစ္စည်းများကို စုဆောင်းယူဆောင်လာခဲ့ကြသည်။

Source: Reuters

Photo:  REUTERS/Joe Rimkus Jr,  NASA’s Johnson Space Center