ထိုင်းနိုင်ငံတွင် ကူးစက်မှုအမြန်ဆုံး COVID ဗိုင်းရပ်စ်မျိုးကွဲ XBB.1.5 ကူးစက်မှုများ ပထမဆုံးအကြိမ် တွေ့ရှိ

ထိုင်းနိုင်ငံတွင် ကူးစက်မှုအမြန်ဆုံး COVID ဗိုင်းရပ်စ်မျိုးကွဲ XBB.1.5 ကူးစက်မှုများ ပထမဆုံးအကြိမ် တွေ့ရှိ

ထိုင်းနိုင်ငံတွင် ကူးစက်မှုအမြန်ဆုံး COVID-19 ဗိုင်းရပ်စ်မျိုးကွဲတစ်ခု ကူးစက်ခံရသူ (၂) ဦး တွေ့ရှိထားကြောင်း ဆေးသိပ္ပံဌာန Department of Medical Sciences (DMS)၏ အတည်ပြုမှုကို ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် Bangkok Post သတင်းက ဖော်ပြထားသည်။ 

XBB.1.5 မှာ အိုမီခရွန်ဗိုင်းရပ်စ်၏ ထပ်ဆင့်မျိုးကွဲတစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ တွေ့ရှိထားသမျှတွင် ကူးစက်မှုအမြန်ဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Healdh Organization (WHO) က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် အသိပေးပြောကြားထားသည်။ 

Kraken ဟုလည်း သိထားကြသည့် XBB.1.5 ဗိုင်းရပ်စ်ကူးစက်မှုကို မကြာသေးမီက ထိုင်းနိုင်ငံသားတစ်ဦးနှင့် နိုင်ငံခြားသားတစ်ဦးထံတွင် စစ်ဆေးတွေ့ရှိခဲ့ရကြောင်း DMS အကြီးအကဲ ဒေါက်တာ Supakit Sirilak က ဆိုသည်။

 ၎င်းတို့ (၂) ဦးမှာ ကျန်းမာရေးပြန်ကောင်းလာခဲ့ကြောင်းနှင့် ၎င်းတို့၏ မိသားစု သို့မဟုတ် အနီးကပ် သူငယ်ချင်းများ ကူးစက်ခံရမှုမရှိခဲ့ကြောင်း DMS အကြီးအကဲက ပြောသည်။

ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ်သစ် XBB.1.5 က လူသားဆဲလ်များတွင် ၎င်းကိုယ်တိုင် ကပ်ငြိရန် ပိုမိုလွယ်စေကူပြီး ပဋိပစ္စည်းများကို ရှောင်နိုင်သည့် ၎င်း၏ ဗီဇပြောင်းလဲမှုကြောင့် ဒဏ္ဍာရီလာ ကြောက်မက်ဖွယ်ရာ ရေသတ္တဝါကြီးဖြစ်သည့် Kraken ၏ အမည်ကို ပေးထားကြခြင်းလည်း ဖြစ်သည်။ 

COVID-19 ကပ်ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်များအနက် ကူးစက်မှုအမြန်ဆုံး ဖြစ်သော်လည်း XBB.1.5 က အခြား ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ်များထက် ရောဂါပိုမိုပြင်းထန်စေသည့် အထောက်အထား မတွေ့ရှိထားဟု ဆိုသည်။

ကူးစက်မှုအမြန်ဆုံး XBB.1.5 မှာ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်၏ ထပ်ဆင့်မျိုးကွဲ BA.2 မှ ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် (၂) ခုဖြစ်သော BJ.1 နှင့် BM.1.1.1 တို့ ပေါင်းစပ်ထားမှုဖြစ်ကြောင်း ဒေါက်တာ Supakit က ပြောသည်။ 

အမေရိကန်နိုင်ငံနှင့် ဥရောပတွင် XBB.1.5 ကူးစက်မှုများကို အဓိက တွေ့ရှိလာရသည်။ 

၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်အထိ ကမ္ဘာတဝန်းတွင် XBB.1.5 ကူးစက်မှု (၃၃,၂၁၉) ခု တွေ့ရှိထားပြီး ထိုကူးစက်မှုများအနက် အမေရိကန်တွင် (၇၃.၇) ရာခိုင်နှုန်း၊ ဗြိတိန်တွင် (၆.၆) ရာခိုင်နှုန်း၊ ကနေဒါတွင် (၅.၃) ရာခိုင်နှုန်း၊ ဂျာမနီတွင် (၂.၆၅) ရာခိုင်နှုန်း၊ ဩစတြီးယားတွင် (၁.၅) ရာခိုင်နှုန်း၊ ဒိန်းမတ်တွင် (၁) ရာခိုင်နှုန်းနှင် အိုင်ယာလန်တွင် (၁) ရာခိုင်နှုန်းဖြစ်သည်။

XBB.1.5 ကူးစက်မှုများ ကမ္ဘာတဝန်း ပျံ့နှံ့သွားမည်ဟု ခန့်မှန်းထားပြီး နောက်ထပ် ဗီဇပြောင်းနိုင်သည့် အခြေအနေရှိကြောင်း ကျွမ်းကျင်သူများက ပြောထားသည်။ နာတာရှည် ရောဂါအခံရှိသူများတွင် XBB.1.5 ကူးစက်ခံရပါက ဗိုင်းရပ်စ် ဗီဇပြောင်းရန် အခွင့်အလမ်း ပိုများသည်ဟု ဆိုသည်။

Source: Bangkok Post