နောက်ဆုံးတွေ့ရှိရသည့် ကူးစက်အမြန်ဆုံး COVID ဗိုင်းရပ်စ်မျိုးကွဲ XBB.1.5

နောက်ဆုံးတွေ့ရှိရသည့် ကူးစက်အမြန်ဆုံး COVID ဗိုင်းရပ်စ်မျိုးကွဲ XBB.1.5
ဇန်နဝါရီ 14, 2023 | ကျန်းမာရေး| Covid-19
By Mr John

 နိုင်ငံပေါင်း (၂၉)နိုင်ငံတွင် အသစ်တွေ့ရှိလာရသည့် COVID-19 ဗိုင်းရပ်စ်မျိုးကွဲတစ်ခု အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံများတွင် ကူးစက်ပျံ့နှံ့နေပြီး ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာနိုင်မှုအပေါ်  စိုးရိမ်ပူပန်မှုများရှိနေသည်။ 

သို့သော် အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲက အလွန်ကူးစက်မြန်သော်လည်း ရောဂါပိုမိုပြင်းထန်စေပုံမရဟု ကျွမ်းကျင်သူများက ဆိုသည်။ 

ယခုနောက်ဆုံး တွေ့ရှိရသည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ၏ ထပ်ဆင့်မျိုးကွဲ XBB.1.5 မှာ လက်ရှိအချိန်အထိ တွေ့ရှိထားသမျှ ကူးစက်မှုအမြန်ဆုံး ဗိုင်းရပ်စ် မျိုးကွဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) အရာရှိတစ်ဦးက ဇန်နဝါရီလ (၄) ရက်တွင် ပြောကြားထားသည်။ 



သို့သော် XBB.1.5 က ယခင် အိုမီခရွန် ထပ်ဆင့် မျိုးကွဲများထက် COVID-19 ရောဂါကို ပိုမိုပြင်းထန်စေသည့် လက္ခဏာ မတွေ့ရဟု WHO ၏ COVID-19 နည်းပညာပိုင်းဆိုင်ရာအဖွဲ့ အကြီးအကဲ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Maria Van Kerkhove က ဆိုသည်။ 

XBB.1.5 ဗိုင်းရပ်စ်မျိုးကွဲကို အနည်းဆုံး ကမ္ဘာ့နိုင်ငံ (၂၉) ခုတွင် တွေ့ရှိထားပြီး ထိုဗိုင်းရပ်စ်ကြောင့် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာနိုင်ကြောင်း WHO က ပြောထားသည်။

- XBB.1.5 က ဘာကြောင့် ပိုမိုကူးစက်မြန်တာလဲ?

XBB.1.5 ဗိုင်းရပ်စ်မျိုးကွဲမှာ လူ့ခန္ဓာကိုယ်ဆဲလ်များတွင် ပိုမို တွယ်ကပ်နိုင်သော ဗီဇပြောင်းလဲမှုကြောင့် ပိုမိုလွယ်ကူစွာ ပွားများနိုင်ပြီး ပိုမိုကူးစက်မြန်သည်။ 

XBB.1.5 ၏ ဗီဇပြောင်းလဲမှုပုံစံအရ ဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ဆဲလ်များတွင် ပိုမိုတွယ်ကပ်နိုင်ပြီး တိုက်ခိုက်နိုင်စွမ်းရှိသည်။ ထို့အပြင် ဗီဇပြောင်းလဲမှုက လူ့ခန္ဓာကိုယ်တွင်း ပဋိပစ္စည်းများကို ဗိုင်းရပ်စ်က ရှောင်ကွင်းနိုင်ရန် ကူညီပေးရာ ကူးစက်မှု ပိုမိုမြန်ဆန်စေသည်။

- ဗိုင်းရပ်စ်ကူးစက်ခံရသည့် ရောဂါလက္ခဏာတွေက ဘာလဲ?

WHO က XBB.1.5 ကူးစက်ခံရမှုကြောင့် ရောဂါလက္ခဏာပြင်းထန်မှုအပေါ် တိကျသည့် အချက်အလက် မထုတ်ပြန်သေးပါ။ ကျွမ်းကျင်သူများကမူ ရောဂါ လက္ခဏာများမှာ အခြား အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲများနှင့် အလွန်ဆင်တူကြောင်း ယူဆထားသည်။ XBB.1.5 ကူးစက်ခံရပါက နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်ပူခြင်းတို့ ဖြစ်နိုင်သည်။ XBB.1.5 ကူးစက်ခံရမှုရှိ မရှိ Antigen Rapid Test (ART) စစ်ဆေးကိရိယာဖြင့် စစ်ဆေးသိရှိနိုင်သည်။

- ကာကွယ်ဆေးများက XBB.1.5 ကို ကာကွယ်နိုင်သလား?

လက်ရှိ အသုံးပြုနေသည့် COVID-19 ကာကွယ်ဆေးများက နောက်ဆုံးတွေ့ရှိလာရသည့် XBB.1.5 ကူးစက်မှုကို ကာကွယ်ရန် အရေးပါဆဲဖြစ်ကြောင်း ကျွမ်းကျင်သူက ယူဆထားသည်။

- ဘယ်သူတွေက XBB.1.5 ကူးစက်မှုအန္တရာယ်ရှိလဲ?

အသက်ကြီးသူများ၊ ကျန်းမာရေးမကောင်းသူများနှင့် ဆေးပညာအရ ကာကွယ်ဆေးထိုး၍ မရသူများတွင် ကူးစက်မှု အန္တရာယ်ရှိသည်။ ကင်ဆာရောဂါကြောင့် ဓာတုကုထုံး chemotherapy ဖြင့် ကုသမှုခံယူနေရသူများတွင်လည်း ကူးစက်မှုအန္တရာယ်ရှိသည်။ ထိုသူများတွင် ကူးစက်ခံရပါက ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို ထိခိုက်စေနိုင် သို့မဟုတ် ရောဂါလက္ခဏာများ ပိုမိုပြင်းထန်နိုင်သည်။

- XBB.1.5 က နောက်ထပ် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ ထပ်ဖြစ်နိုင်လား?

ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့သွားမည်ဟု ခန့်မှန်းထားသည့် XBB.1.5 မှာ ဗိုင်းရပ်စ်ကို ဗီဇပြောင်းရန် အခွင့်အလမ်းဖြစ်စေသည်ဟု ကျွမ်းကျင်သူက ဆိုသည်။ နာတာရှည် ရောဂါရှိသူများတွင် XBB.1.5 ကူးစက်ခံရပါက ဗိုင်းရပ်စ် ဗီဇပြောင်းရန် အခွင့်အလမ်း ပိုများသည်ဟု ဆိုသည်။

(University of Cambridge မှ ပါမောက္ခ Ravindra Gupta ၏ ပြောကြားမှုများကို CNA သတင်းဌာနက ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်)

Source: CNA