တောင်ကိုရီးယားက လူဦးရေ မွေးဖွားမှုနှုန်း ကမ္ဘာ့ အနိမ့်ဆုံးနိုင်ငံအဖြစ် နောက်တစ်ကြိမ် စံချိန်တင်

တောင်ကိုရီးယားက လူဦးရေ မွေးဖွားမှုနှုန်း ကမ္ဘာ့ အနိမ့်ဆုံးနိုင်ငံအဖြစ် နောက်တစ်ကြိမ် စံချိန်တင်
သြဂုတ် 26, 2022 | နိုင်ငံတကာသတင်း
By Mr John

တောင်ကိုရီးယားက ကမ္ဘာ့ မွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံအဖြစ် နောက်တစ်ကြိမ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ 

တောင်ကိုရီးယားတွင် ၂၀၁၈ ခုနှစ်က အမျိုးသမီးတစ်ဦးလျှင် ကလေးတစ်ဦးအောက်ဖြင့် မွေးဖွားမှုနှုန်း ပထမဆုံးအကြိမ် လျော့ကျခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ဩဂုတ်လ (၂၄) ရက်နေ့တွင် အစိုးရက ထုတ်ပြန်သည့် ကိန်ဂဏန်းများအရ မွေးဖွားနှုန်းမှာ အမျိုးသမီးတစ်ဦးလျှင် ကလေး (၀.၈၁) ဦးသို့ လျော့ကျသွားခဲ့ပြီး ယမန်နှစ်က ကိန်းဂဏန်းထက် (၃) ပွိုင့်လျော့ကျခဲ့ကာ (၆) ကြိမ်ဆက်တိုက် မွေးဖွားနှုန်းကျဆင်းမှု ဖြစ်လာသည်။

နှိုင်းယှဥ်မှုအရ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး နိုင်ငံများတွင် ကလေးမွေးဖွားနှုန်းမှာ အမျိုးသမီးတစ်ဦးလျှင် ကလေး (၁.၆) ဦးဖြစ်ကြောင်း သိရသည်။ 

ကမ္ဘာ့နိုင်ငံများ အနေဖြင့် ရွှေ့ပြောင်းနေထိုင်ခြင်း  မပါဝင်ဘဲ ၎င်းတို့၏ လူဦးရေကို ထိန်းထားရန် စုံတွဲတစ်တွဲလျှင် အနည်းဆုံး ကလေး (၂) ဦးရှိရန် လိုအပ်သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ဆယ်စုနှစ် (၆) ခုအတွင်း ကလေးမွေးဖွားနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း OECD (Organisation for Economic Co-operation and Development) က ပြောသည်။

သို့သော် ကလေးမွေးဖွားနှုန်း ကျဆင်းမှုမှာ အထူးသဖြင့် တောင်ကိုရီးယားတွင် တွေ့နေရပြီး မျိုးဆက်အနည်းငယ်အတွင်း မိသားစုအရွယ်အစားကို လျှော့ချလာခဲ့ကြသည်ဟု ဆိုသည်။ 

၁၉၇၀ ပြည့်လွန်နှစ်များ အစပိုင်းတွင် အမျိုးသမီးတစ်ဦးလျှင် ကလေး (၄) ဦးနှုန်းရှိခဲ့ကြောင်းလည်း သိရသည်။ 

လူဦးရေကျဆင်းခြင်းက နိုင်ငံတစ်နိုင်ငံကို ကြီးမားသည့် ဝန်ပိမှုဖြစ်စေနိုင်သည်ဟု ဆိုသည်။

လူဦးရေးကျဆင်းမှုနှင့်အတူ ကျန်းမာရေးစနစ်များနှင့် ပင်စင်စရိတ်များ မြင့်တက်လာပြီး လူငယ်ဦးရေ လျော့နည်းလာမှုကြောင့် အလုပ်သမားအင်အား ပြတ်လပ်မှုများဖြစ်စေကာ စီးပွားရေးအပေါ် သက်ရောက်ကြောင်း သိရသည်။ 

၂၀၂၀ ခုနှစ်တွင် တောင်ကိုရီးယား၌ မွေးဖွားမှုထက် သေဆုံးမှုက ပထမဆုံးအကြိမ် ပိုများခဲ့ရာ လူဦးရေကိစ္စအပေါ် ကျယ်ကျယ်ပြန့်ပြန့် သတိပြုမိလာကြသည်။

မကြာသေးမီ နှစ်များအတွင်း စီးပွားရေးဖိအားနှင့် အသက်မွေးဝမ်းကြောင်းကိစ္စတို့က ကလေးမွေးဖွားမှုလျှော့ချရန် ထည့်သွင်းစဥ်းစားသည့် အဓိက အကြောင်းအရင်းများ ဖြစ်လာကြောင်း ကျွမ်းကျင်သူများက ပြောသည်။ 

၂၀၂၁ ခုနှစ်တွင် လူနေမှုစရိတ် မြင့်တက်လာခြင်း၊ အိမ်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုက စုံတွဲများကို ကလေးယူရန် တွန့်ဆုတ်စေခဲ့သည်ဟု ဆိုသည်။

Source: BBC