တစ်မြို့လုံးနီးပါး ပျက်စီးနေသည့် ယူကရိန်းနိုင်ငံ မာရီယူပိုးမြို့တွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှု အန္တရာယ်ရှိနေ

 တစ်မြို့လုံးနီးပါး ပျက်စီးနေသည့် ယူကရိန်းနိုင်ငံ မာရီယူပိုးမြို့တွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှု အန္တရာယ်ရှိနေ
By Mr John

တစ်မြို့လုံးနီးပါး ပျက်စီးနေပြီး ရုရှားလက်အောက်သို့ ကျရောက်သွားသည့် ယူကရိန်းနိုင်ငံ မာရီယူပိုးမြို့တွင် ကြီးမားသည့် ကာလဝမ်းရောဂါဖြစ်ပွားမှု အန္တရာယ်ရှိနေကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

မာရီယူပိုးမြို့၏ အခြေခံအအောက်အဦ အများအပြားမှာ ရုရှားတပ်ဖွဲ့များ၏ သီတင်းပတ်များကြာ အပြင်းအထန် တိုက်ခိုက်မှုကြောင့် ပျက်စီးနေပြီး ရေနှင့် မိလ္လာရေဆိုးများ ရောနေကြောင်း ကုလသမဂ္ဂက ဆိုသည်။

ကာလဝမ်းရောဂါမှာ သန့်ရှင်းမှုမရှိသော အစားအစာ သို့မဟုတ် ရေကို စားသုံးခြင်း သို့မဟုတ် သောက်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိသည်။ 

မာရီယူပိုးတွင် ကောက်ယူခြင်းမရှိသည့် အလောင်းများနှင့် အမှိုက်များက မသန့်ရှင်းသည့် အခြေအနေများကို ပိုမိုဆိုးရွားစေသည်။ 

မာရီယူပိုးတွင် ယခင်က ကာလဝမ်းရောဂါ ဖြစ်ပွားမှုများရှိခဲ့ပြီး ပြီးခဲ့သည့်လအတွင်း သီးခြားခွဲထားသည့် ရောဂါ ဖြစ်ပွားသူများရှိခဲ့ကြောင်း သိရသည်။

မာရီယူပိုးမြို့တွင် ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် အခြား ကူးစက်ရောဂါများ ရှိနှင့်နေပြီးဖြစ်ကြောင်း မြို့တော်ဝန် Vadym Boychenko က BBC သတင်းဌာနကို ပြောခဲ့ပြီး ပိုမိုကြီးမားသည့် ကူးစက်ဖြစ်ပွားမှုကို ရှောင်ရှားရန် မြို့ကို ပိတ်ပင်ထားသည်ဟု ဆိုသည်။

ထိုပြောဆိုမှုများကို BBC အနေဖြင့် အတည်မပြုနိုင်ကြောင်းနှင့် ရုရှားဘက်က ခန့်အပ်ထားသည့် မြို့တော်ဝန်၏ အဆိုအရ ပုံမှန်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ကာလဝမ်းရောဂါ ဖြစ်ပွားမှုမရှိကြောင်း ပြောခဲ့သည်။

မာရီယူပိုးမှ သတင်းအချက်အလက်များကိုရရှိရန် အကန့်အသတ်ရှိကြောင်း၊ သို့သော် ယူကရိန်းထိန်းချုပ်ထားသည့် နယ်မြေအတွင်း စစ်ဆေးမှုများအရ ကာလဝမ်းရောဂါဖြစ်ပွားသူ မတွေ့ရကြောင်း ယူကရိန်းကျန်းမာရေးဝန်ကြီးက ဆိုသည်။ 

မာရီယူပိုးတွင် ရေနှင့် မိလ္လာရေဆိုးများ ရောနှောနေရာ ကာလဝမ်းရောဂါ ဖြစ်ပွားနိုင်သည့်အန္တရာယ် မြင့်တက်နေကြောင်း ကုလသမဂ္ဂက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောခဲ့သည်။

ကြက်ခြေနီအဖွဲ့ကလည်း မိလ္လာစနစ်ဆိုင်ရာ အခြေခံအဆောက်အဦးများ ပျက်စီးသွားခြင်းကြောင့် ရေမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည့် ရောဂါများဖြစ်ပွားလာနိုင်ကြောင်း သတိပေးထားသည်။ 

 

မာရီယူပိုးမြို့ရှိ သန့်ရှင်းရေးအခြေအနေများမှာ အလွန်ဆိုးရွားနေပြီး လမ်းမများပေါ်တွင် အမှိုက်ပုံများနှင့် အပျက်အစီးများအောက်တွင် အလောင်းများရှိနေဆဲဖြစ်သည်။ 

"မြေပြင်ပေါ်မှာနဲ့ အဆောက်အအုံတွေထဲမှာ အလောင်းတွေရှိနေတယ်။ အဲဒီမှာ အလောင်းတွေက ပုပ်ပွနေပြီ။ ပိုးဟပ်တွေ၊ ယင်ကောင်တွေ အများကြီးပဲ။ အညစ်အကြေးတွေ အများကြီးပဲ။ ဘယ်သူကမှလည်း အမှိုက်မသိမ်းကြဘူး" ဟု ကိဗ်မြို့ခံ Anastasiia Zolotarova က ပြော BBC ကို ပြောသည်။ ၎င်း၏မိခင်မှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း မာရီယူပိုးမြို့မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ရုရှားတပ်ဖွဲ့တွေက မာရီယူပိုးမြို့ကို (၃) လနီးပါးကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် မေလအတွင်း ၎င်းတို့လက်အောက်သို့ ကျရောက်သွားခဲ့စဥ် တစ်မြို့လုံးနီးပါး ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ 

တိုက်ခိုက်မှုများအတွင်း မာရီယူပိုးတွင် အရပ်သား ၁၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဧပြီလအတွင်း ယူကရိန်းနိုင်ငံသား မြို့တော်ဝန်က ပြော ကြားခဲ့သည်။ 

၎င်းပြော ကြားခဲ့သည့်အချိန် နောက်ပိုင်းတွင်လည်း မာရီယူပိုးတွင် နောက်ထပ် သီတင်းပတ်များကြာ တိုက်ပွဲများဆက်ဖြစ်နေခဲ့ရာ သေဆုံးမှုအရေအတွက်မှာ များစွာပိုမိုနိုင်ကြောင်း သိရသည်။ 

မြို့၏ နေရာအများအပြား ပျက်စီးနေပြီး ကာလဝမ်းရောဂါ သို့မဟုတ် အခြား ကူးစက်ရောဂါများ ဖြစ်ပွားနိုင်သည့်အန္တရာယ်ရှိနေသော မာရီယူပိုးမြို့တွင် ခန့်မှန်းခြေ လူဦးရေ ၁၀၀,၀၀၀ နေထိုင်နေကြဆဲဖြစ်သည်။

Source: BBC