ကိုယ်ရံတော်ကို ကြိုတင်ကြံစည် သတ်ဖြတ်မှုဖြင့် အင်ဒိုနီးရှား ရဲဗိုလ်ချုပ်ကြီးကို စွဲချက်တင် 

 စွဲချက်တင်ခံထားရသည့် ရဲဗိုလ်ချုပ်ကြီး ဖာဒီဆမ်ဘို နှင့် သေဆုံးသူ ၎င်း၏ ကိုယ်ရံတော် [ Photo: Brigadir J dan Irjen Ferdy Sambo /Twitter ]
စွဲချက်တင်ခံထားရသည့် ရဲဗိုလ်ချုပ်ကြီး ဖာဒီဆမ်ဘို နှင့် သေဆုံးသူ ၎င်း၏ ကိုယ်ရံတော် [ Photo: Brigadir J dan Irjen Ferdy Sambo /Twitter ]
ကိုယ်ရံတော်ကို ကြိုတင်ကြံစည် သတ်ဖြတ်မှုဖြင့် အင်ဒိုနီးရှား ရဲဗိုလ်ချုပ်ကြီးကို စွဲချက်တင် 
သြဂုတ် 11, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားနိုင်ငံတွင် ကြယ်နှစ်ပွင့် ရဲဗိုလ်ချုပ်ကြီး ဖာဒီဆမ်ဘို (Ferdy Sambo) ကို ကြိုတင်ကြံရွယ်သည့် လူသတ်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။ 

ဇူလိုင်လအတွင်းက ရဲဗိုလ်ချုပ်ကြီးဆမ်ဘို၏ နေအိမ်တွင် ၎င်း၏ကိုယ်ရံတော်တစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရဲဗိုလ်ချုပ်ကြီးကို စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

ယခုအမှုကိစ္စနှင့်ပတ်သက်၍ အများပြည်သူကို အသိပေးရန် အင်ဒိုနီးရှားရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Listyo Sigit Probowo နှင့် အခြား ရဲဗိုလ်ချုပ်ကြီး (၆) ဦးတို့က ဩဂုတ်လ (၉) ရက် ညပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

အစောပိုင်းတွင် ရဲဗိုလ်ချုပ်ကြီးဆမ်ဘိုကို ပြည်တွင်းရေးဆိုင်ရာ ရဲလုပ်ငန်းဌာန အကြီးအကဲအဖြစ်မှ ရာထူးဆိုင်းငံ့ထားခဲ့ကြောင်း သိရသည်။

"အထူးရဲတပ်ဖွဲ့က ဆမ်ဘိုကို သံသယရှိသူအဖြစ် သတ်မှတ်ခဲ့ပါတယ်" ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။ 

ဆမ်ဘိုနှင့် ၎င်း၏ အခြား လက်အောက်ငယ်သား (၃) ဦးကို ကြိုတင်ကြံရွယ် လူသတ်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။ 

ဆမ်ဘိုက ၎င်း၏ လက်အောက်ငယ်များကို အသက် (၂၇) နှစ်အရွယ် Nofriansyah Yosua Hutabarat အား ပစ်သတ်ရန် အမိန့်ပေးခဲ့သည့် သက်သေအထောက်အထားရှိကြောင်း အင်ဒိုရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Probowo က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယခုအမှုအတွက် စွဲချက်တင်ခံရသည့် သံသယရှိသူ (၄) ဦးမှာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ခံရနိုင်ကြောင်း ဩဂုတ်လ (၉) ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲတွင် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Agus Andrianto က ဆိုသည်။ 

"အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်၊ ထောင်ဒဏ်တစ်သက် သို့မဟုတ် အမြင့်ဆုံးထောင်ဒဏ် နှစ် (၂၀) ဖြစ်ပါတယ်" ဟု Andrianto က ပြောသည်။

ရဲဗိုလ်ချုပ်ကြီးဆမ်ဘို၏ နေအိမ်တွင် ကိုယ်ရံတော်ဖြစ်သူ ပုံမှန်မဟုတ်ဘဲ သေဆုံးမှုက အင်ဒိုနီးရှားပြည်သူလူထုကြား စိတ်ဝင်စားစရာ အမှုကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ 

ရဲတပ်ကြပ်ကြီး Hutabarat က ဆမ်ဘို၏ မိသားစုကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးအပ်ခံခဲ့ရသူဖြစ်ပြီး ဇူလိုင်လ (၈) ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်သော်လည်း ရဲတပ်ဖွဲ့က ဇူလိုင်လ (၁၁) ရက်နေ့ကျမှသာ သတင်းထုတ်ပြန်ခဲ့သည်။

အစောပိုင်းတွင်မူ ကိုယ်ရံတော် Hutabarat က ဆမ်ဘို၏ ဇနီးကို လိင်ပိုင်းစော်ကားရန် ကြိုးပမ်းခဲ့ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခြား ရဲအရာရှိတစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

သို့သော် ထိုဖြစ်ရပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းမရှိဘဲ လူသတ်မှုကို ဖုံးကွယ်ရန် ဆမ်ဘိုက ဇာတ်လမ်းဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Probowo က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဆမ်ဘိုက မည်သည့်အတွက် ကိုယ်ရံတော် Hutabarat သတ်ခဲ့ကြောင်း သိရှိနိုင်ရန် ဖော်ထုတ်နေဆဲဖြစ်သည်ဟုလည်း Probowo က ဆိုသည်။ 

ယခုအမှုမှာ အနည်းငယ်ထူးခြားကြောင်း သတင်းစာရှင်းလင်းပွဲအပြီးတွင် နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Mahfud MD က ပြောခဲ့သည်။

ယခုအချိန်တွင် ဆမ်ဘိုက အဓိက သံသယရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်ဟု Mahfud MD က ဆိုသည်။ 

"လူသတ်မှုရဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ကတော့ လက်ရှိ စုံစမ်းစစ်ဆေးနေဆဲဖြစ်လို့ နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးရေးမှူးတွေက ဒါကို ဖော်ထုတ်သွားပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။ 

ယခုအမှုဖြစ်ပွားရသည့် အကြောင်းရင်းကို လူသိရှင်ကြားဖော်ပြရန် အလွန်အကဲဆတ်နိုင်ကြောင်းလည်း ဝန်ကြီး Mahfud MD က ဆိုသည်။

ဩဂုတ်လ (၉) ရက်နေ့ အစောပိုင်းတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ထိုအမှုကို ဖြေရှင်းရမည်ဟု ရဲတပ်ဖွဲ့ကို ထပ်မံပြောကြားခဲ့သည်။ 

"ဘာကိုမှ ဖုံးကွယ်မထားပါနဲ့။ အမှန်တရားကို ပြောပါ။ ရဲတပ်ဖွဲ့အ‌ပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုလျော့မသွားပါစေနဲ့" ဟု သမ္မတဂျိုကိုဝီက ပြောခဲ့ကြောင်း CNA သတင်းက ဖော်ပြသည်။

Source: CNA