တာချီလိတ်မြို့တွင် လဝကရုံးအနီး ဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံ လူငယ်များနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အရှေ့ပိုင်းနဂါးအဖွဲ့က သတင်းထုတ်ပြန်

တာချီလိတ်မြို့တွင် လဝကရုံးအနီး ဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံ လူငယ်များနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အရှေ့ပိုင်းနဂါးအဖွဲ့က သတင်းထုတ်ပြန်
ဖေဖော်ဝါရီ 4, 2023 | 2021 Military Coup| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၂၃ခုနှစ်၏ ပထမဆုံးအကြိမ် ဖြစ်ပွားသည့် ပေါက်ကွဲမှု တစ်ခုနောက်ပိုင်း စစ်တပ်နှင့်ရဲက လူငယ်(၄)ဦး အပါအဝင် (၅)ဦးကို ဖမ်းဆီးလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ အမှန်တကယ် ဖောက်ခွဲရေးပြုလုပ်သည်မှာ အရှေ့ပိုင်းနဂါးအဖွဲ့ဖြစ်ပြီး ဖမ်းဆီးခံရသူများနှင့် မသက်ဆိုင်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် အရှေ့ပိုင်းနဂါးအဖွဲ့က သတင်းထုတ်ပြန်လာသည်။ 

"ဖေဖော်ဝါရီလ (၁)ရက်နေ့ ဖောက်ခွဲမှုမှာ အရှေ့ပိုင်းနဂါးအဖွဲ့မှ ပြုလုပ်ခြင်းသာဖြစ်ပြီး လက်ရှိ ဖမ်းဆီးခံရသူများနှင့် လုံးဝ(လုံးဝ)ပတ်သက်ခြင်း မရှိပါ"ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 အရှေ့ပိုင်းနဂါးအဖွဲ့အနေဖြင့် ဆက်လက်ပြီးတော့ မစ်ရှင်များလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။



နိုင်ငံ့အာဏာသိမ်းခံထားရသည့် (၂)နှစ်ပြည့်အဖြစ် ၂၀၂၃ခုနှစ်၏ ပထမဆုံး ဖောက်ခွဲမှုလည်း ဖြစ်သည့်  ဖေဖော်ဝါရီလ(၁)ရက်နေ့၏ ညက တာချီလိတ်မြို့နယ် လဝကဦးစီးမှူးရုံး နှင့် ဆောက်လုပ်ရေးရုံးအနီးတို့တွင် အရှေ့ပိုင်းနဂါးအဖွဲ့က ဗုံးတစ်လုံး ဖောက်ခွဲခဲ့ရာတွင် စစ်တပ်နှင့်ရဲတို့က အဆိုပါ ဖြစ်စဉ်အား ဗုံးပေါက်ကွဲခြင်းမဟုတ်ဘဲ  အသံကျယ်သည့် ဗျောက်အိုးပေါက်ကွဲခြင်းသာ ဖြစ်သည်ဟု သတင်းလွှင့်ထားသည်။ 



စစ်တပ်နှင့်ရဲတို့သည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က စပြီး ယနေ့ အချိန်အထိ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းမှ အသက်(၂၀)ဝန်းကျင်အရွယ် လှမင်းထက် အပါအဝင် ၎င်း၏ ဇနီးဖြစ်သူ အသက်(၁၇)နှစ်အရွယ် မနန်းမွမ်းလောင် နှင့် လှမင်းထက်၏ ဖခင်ဖြစ်သူ ဦးအောင်ခိုင်သန်း အပြင် သိန်းထိုက်စံ(ခ)ထိုက်စံ နှင့် ပြည့်လျှံ စုစုပေါင်း (၅)ဦးတို့ကို ဖမ်းဆီးထားသည်။