တာချီလိတ်မြို့တွင် ဖောက်ခွဲပစ္စည်းများ ဖမ်းမိသည်ဟုဆိုကာ လူငယ်(၄)ဦး အပါအဝင် (၅)ဦးကို ဖမ်းဆီးပြီး  ရိုက်နှက်ညှင်းပန်း စစ်ကြောနေ

တာချီလိတ်မြို့တွင် ဖောက်ခွဲပစ္စည်းများ ဖမ်းမိသည်ဟုဆိုကာ လူငယ်(၄)ဦး အပါအဝင် (၅)ဦးကို ဖမ်းဆီးပြီး  ရိုက်နှက်ညှင်းပန်း စစ်ကြောနေ
ဖေဖော်ဝါရီ 4, 2023 | 2021 Military Coup| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၂၃ခုနှစ်၏ ပထမဆုံးအကြိမ် ဖြစ်ပွားသည့် ပေါက်ကွဲမှု တစ်ခုနောက်ပိုင်း စစ်တပ်နှင့်ရဲက လူငယ်(၄)ဦး အပါအဝင် (၅)ဦးကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် ရိုက်နှက်ညှင်းပန်းကာ စစ်ဆေးနေလျှက်ရှိကြောင်း  သိရသည်။

 

တာချီလိတ်မြို့  ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံ(၁)အတွင်းရှိ နေအိမ်သို့ စစ်တပ်နှင့်ရဲတို့ ပါဝင်သည့် အဖွဲ့က ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ အကူးပိုင်းအချိန်တွင် နေအိမ်အတွင်း အကြမ်းဖက်ဝင်ရောက်ပြီး အသက်(၂၀)ရွယ်ရှိ လှမင်းထက်ကို ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် စုစုပေါင်း (၅)ဦး အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

"အဲ့တိုက်မှာက အခန်းငှားတွေ အများကြီးရှိတယ် ညဘက်လာခေါ်တော့ တယောက်မှ အပြင်မထွက်နဲ့ ထွက်တဲ့လူပစ်သတ်မယ်ပြောတယ် ကောင်လေးကိုတော့ ထုရိုက်ခေါ်သွားတယ်။ သူ့အဖေကို လာဖမ်းတော့ လှမင်းထက်ကို ကားနဲ့ခေါ်လာတာ။ မျက်နှာတခုလုံး ရိုက်နှက်ခံထားရလို့ ညိုပုတ်နေတာတွေ့ရတယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးခံရသူများမှာ အသက်(၂၀)ဝန်းကျင်အရွယ် လှမင်းထက် အပါအဝင် ၎င်း၏ ဇနီးဖြစ်သူ အသက်(၁၇)နှစ်အရွယ် မနန်းမွမ်းလောင် နှင့် လှမင်းထက်၏ ဖခင်ဖြစ်သူ ဦးအောင်ခိုင်သန်း အပြင် သိန်းထိုက်စံ(ခ)ထိုက်စံ နှင့် ပြည့်လျှံ စုစုပေါင်း (၅)ဦးတို့ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် လှမင်းထက်၏ မိခင်ဖြစ်သူကိုလည်း စစ်တပ်နှင့်ရဲက အလိုရှိနေပြီး ဖမ်းဆီးရန်အတွက် စုံစမ်းနေကြောင်းလည်း သိရသည်။

လှမင်းထက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေမှုအတွင်း ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိသည်ဟုဆိုကာ ၎င်းတို့ (၅)ဦးအား ရိုက်နှက်ညှင်းပန်းကာ စစ်ကြောရင်း အခြားလူငယ်များကိုလည်း ဖမ်းဆီးထားကာ စစ်ကြောနေလျက်ရှိသည်ဟု သိရသည်။



နိုင်ငံ့အာဏာသိမ်းခံထားရသည့် (၂)နှစ်ပြည့်အဖြစ် ၂၀၂၃ခုနှစ်၏ ပထမဆုံး ဖောက်ခွဲမှုလည်း ဖြစ်သည့်  ဖေဖော်ဝါရီလ(၁)ရက်နေ့၏ ညက တာချီလိတ်မြို့နယ်လဝကဦးစီးမှူးရုံး နှင့် ဆောက်လုပ်ရေးရုံးအနီးတို့တွင် အရှေ့ပိုင်းနဂါးအဖွဲ့က ဗုံးတစ်လုံး ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖောက်ခွဲမှုအပြီး နောက်တစ်ရက်တွင် ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

စစ်တပ်နှင့်ရဲအပါအဝင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တို့က တာချီလိတ်မြို့တွင်  ရွှေမြန်မာဟိုတယ်ရှေ့ ဂေါက်ကွင်းအဆင်း၊ ရီဂျီးနားဂေါက်ကွင်းအနောက် ဝမ်မိုင်အဆင်းလမ်း၊ ခရိုင်ကြက်ခြေနီရုံးအနီး၊ အနောက်မြို့ပတ်လမ်း၊ လွယ်စတုံသွားရာလမ်း နှင့် ဟောင်လိတ်မီးပွိုင့်လမ်းဆုံ အပြင် ပါလျှံမီးပွိုင့်လမ်းဆုံ၊ ချစ်ကြည်ရေးတံတား အဝိုင်းပတ်အနီးတို့တွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နိုင်လေ့ရှိသည့်အတွက် အဆိုပါနေရာများသို့ သွားလာသူများအနေဖြင့် သတိထားရန်လိုကြောင်းလည်း သတင်းရင်းမြစ်တစ်ဦးက သတိပေးပြောကြားလာသည်။