ကမာရွတ်မြို့နယ်စာရင်းစစ်ရုံး ဗုံးခွဲခံရ

ကမာရွတ်မြို့နယ်စာရင်းစစ်ရုံး ဗုံးခွဲခံရ

 ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆီစက်လမ်းရှိ့ မြို့နယ်စာရင်းစစ်ရုံးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့၏ နေ့ လည်ပိုင်းက ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA)က သတင်းထုတ်ပြန်ထားသည်။

ပစ်သွင်းခဲ့သည့် ဗုံးသည် မြို့နယ်စာရင်းစစ်ရုံး ခြံဝန်းအတွင်း ကျရောက်ခဲ့ပြီးနောက် Non CDM ဝန်ထမ်းများက စစ်ကောင်စီအဖွဲ့အား ဖုန်းဆက်ခေါ်သည့်အတွက် စစ်ကား(၂)စီးနှင့် ရဲ ကား(၁)စီးတို့ ရောက်လာပြီး ရှင်းလင်းသွားခဲ့ကြောင်း သိရသည်။

ဗုံးပစ်သွင်းသည့် အချိန်တွင် ကမာရွတ်မြို့နယ်စာရင်းစစ်ရုံးတွင် စစ်ကောင်စီအရာရှိ(၁)ဦး ရောက်ရှိပြီး အစည်းအဝေးပြုလုပ်နေချိန်ဖြစ်သည်ဟုလည်း သိရသည်။

တိုက်ခိုက်မှုကို Freeland Attack Force (FLA)နှင့်မဟာ မိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA)၊  Revolution of 21 Century အဖွဲ့မှ မဟာမိတ်အဖွဲ့သားက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့၊ အစိုးရအဆောက်အအုံနှင့် ပြည်သူ့သစ္စာဖောက်များ အနီးတွင် မနေကြရန်လည်း သတိပေးထားသည်။

ဒီဇင်ဘာလ(၂၂)ရက်နေ့ကလည်း တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းနှင့် တောင်မြင်းပြိုင်ကွင်းလမ်းထောင့် မြှားပစ်ကွင်းအမှတ်(၆)ဂိတ်ရှေ့ရှိ စစ်ကောင်စီကင်းကို  လက်ပစ်ဗုံးဖြင့် ၎င်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။