ထိုင်း - မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သူ (၂) ဦးကို ဖမ်းမိပြီး မက်သာအမ်ဖက်တမင်း ဆေးပြား (၅.၇) သန်း သိမ်းဆည်းရမိ

ထိုင်း - မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သူ (၂) ဦးကို ဖမ်းမိပြီး မက်သာအမ်ဖက်တမင်း ဆေးပြား (၅.၇) သန်း သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 4, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်း - မြန်မာနယ်စပ်တစ်လျှောက် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်းအတွင်း ချင်းဒေါင်းဒေသ တွင် ထိုင်းစစ်သားများနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သူများ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဆေးဝါးသယ်‌ဆောင်သူ (၂) ဦးကို မက်သာအမ်ဖက်တမင်း (methamphetamine) ဆေးပြား (၅.၇) သန်းနှင့် ဘိန်းမဲ (၆.၆) ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။

ဖေဖေါ်ဝါရီလ (၁) ရက်၏ ညဥ့်နက်ပိုင်းက Pha Muang တပ်ဖွဲ့မှ စစ်တပ်လှည့်ကင်းနှင့် ပြုပြင်ချုပ်လုပ်ထားသည့် ကျောပိုးအိတ်များ သယ်ဆောင်လာသော အမျိုးသား (၁၃) ဦးပါ အဖွဲ့တစ်ဖွဲ့တို့ ချင်းဒေါင်းဒေသ  Nong Khiew ကျေးရွာရှိ ဆိုင်မိန်း နယ်စပ်ဂိတ်အနီး ထိပ်တိုက်တွေ့ခဲ့ကြကြောင်း Pha Muang တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် Suparuek Sathapornphon က ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် ပြောသည်။

စစ်သားများက ထိုအမျိုးသားအုပ်စုကို ရပ်တန့်စစ်ဆေးရန် မေးမြန်းခဲ့သော်လည်း ၎င်းတို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဘက်စလုံးက အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။ 

ခေတ္တမျှ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင် အမျိုးသား (၂) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နှင့် အခြားသူများ ထွက်ပြေးသွားခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် ကျောပိုးအိတ် (၁၉) လုံး ကျန်နေခဲ့ကြောင်း သိရသည်။

ကင်းလှည့်တပ်ဖွဲ့က ထိုကျောပိုးအိတ်များကို စစ်ဆေးခဲ့ရာ တစ်အိတ်စီတွင် မက်သာအမ်ဖက်တမင်း ဆေးပြား (၃၀၀,၀၀၀) နှင့်အတူ ဘိန်းမဲ (၆.၆) ကီလိုဂရမ်ကို တွေ့ရှိခဲ့ရသည်။ 

ထို့အတူ ပစ်ကပ်ထရပ်ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနှင့် မိုဘိုင်းဖုန်း (၃) လုံးကိုလည်း အနီးအနားတွင် သိမ်းဆည်းရမိခဲ့သည်။ 

ဖမ်းဆီးရမိသူများနှင့် တွေ့ရှိသိမ်းဆည်းခဲ့သည့် ပစ္စည်းများကို Na Wai ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း ဗိုလ်ချုပ် Suparuek က ပြောသည်။ 

ယခုဖြစ်ရပ်တွင် ဖမ်းဆီးရမိခဲ့သူ (၂) ဦးနှင့် ထွက်ပြေးသွားသူများမှာ မည်သည့် နိုင်ငံသားများဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရသည်။

Source: Bangkok Post