OIC အတွင်းရေးမှူးချုပ်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်ပေးသည့် ရိုဟင်ဂျာဒုက္ခသည်များ တွေ့ဆုံ

OIC အတွင်းရေးမှူးချုပ်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်ပေးသည့် ရိုဟင်ဂျာဒုက္ခသည်များ တွေ့ဆုံ
By Tachileik News Agency

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားတွင် တိမ်းရှောင်နေသည့် ရိုဟင်ဂျာဒုက္ခသည်များကို လာရောက်တွေ့ဆုံသည့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ်သည် ၂၀၂၃ ခုနှစ်၊ မေလ( ၂၉ )ရက်နေ့တွင်  ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ စီစဉ်ပေးသူများနှင့် တွေ့ခွင့်ရသည်ဟု သိရသည်။

OIC အတွင်းရေးမှူးချုပ် HE Hussain Brahim သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်နေစဉ် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စီစဉ် ပေးထားသော ရိုဟင်ဂျာဒုက္ခသည် ( ၂၀ )ဦးဝန်းကျင်နှင့် ကော့ဘဇားရှိ ဒုက္ခသည်စခန်းအမှတ်( ၄ )တိုးချဲ့ဆောင်၌ နေ့လည်( ၁၂ ) နာရီမှ ( ၁ )နာရီဝန်းကျင်အထိ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူက ဒုက္ခသည်တွေကို ဂုဏ်သရေရှိ၊ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ပြောသွားပါတယ်။

ဟု ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက Tachileik News Agency ကို ‌မေလ ( ၂၉ )ရက်နေ့ ညနေပိုင်းတွင် ပြောသည်။

ယင်းသို့ပြောဆိုသွားသော်လည်း ဒုက္ခသည်အရေးကို အမှန်တကယ် လုပ်ဆောင်နေသည့်သူများနှင့် တွေ့ဆုံခွင့်မရခဲ့သည့်အပြင် စစ်ကောင်စီ၏ နေရပ်ပြန်ရေးအစီအစဉ်များမှာ အလုပ်မဖြစ်ကြောင်းကိုလည်း တင်ပြပြောဆိုခွင့်မရခဲ့ဟု ရိုဟင်ဂျာအရေးဆောင်ရွက်ပေးနေသူများက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ ရွေးချယ်ခေါ်ယူထားသူတွေနဲ့ပဲ တွေ့ခွင့်ရသွားပါတယ်။ ဒုက္ခသည်တွေကို အမှန်တကယ် ကိုယ်စားပြုသူတွေနဲ့ တွေ့ခွင့်မရတော့ စစ်ကောင်စီရဲ့ခေါ်ယူရေးအစီအစဉ်တွေကို ပြောဆိုခွင့်မရခဲ့ဘူး။

ဟု ရိုဟင်ဂျာဒုက္ခသည်အရေး လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။

ကော့ဘဇားဘက်သို့ တိမ်းရှောင်နေရသည့် ရိုဟင်ဂျာဒုက္ခသည်များရှိရာနေရာကို စစ်ကောင်စီ၏ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးဦး ဆောင်သော အဖွဲ့ဝင်(၁၄)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် မေလ ( ၂၅ )ရက်နေ့က ရောက်ရှိလာပြီး နေရပ်ပြန်ရေးကိစ္စပြောဆိုသွားခဲ့သော်လည်း မည်သည့်နေ့တွင်နေရပ်ပြန်ရမည်ကို မပြောဆိုနိုင်ခဲ့ဘဲ အထက်ကလာခိုင်းသဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းသာ ပြောဆိုသွားခဲ့သည်ဟု ရိုဟင်ဂျာဒုက္ခသည်များက ဆိုသည်။

ရိုဟင်ဂျာဒုက္ခသည်များက ၎င်းတို့သည်နေရပ်ပြန်ရမည်ဆိုပါက ဘေးကင်းလုံခြုံရေး၊ မူလရွာ၊ မူလအိမ်ခြံမြေရရှိရေးတို့ကိုသာ ပြန် လည်ရရှိလိုကြောင်း တောင်းဆိုထားပြီး လက်ရှိစစ်ကောင်စီ၏ ပြန်လည်ခေါ်ယူရေးအစီအစဉ်ကိုလည်း အယုံအကြည်မရှိဟု ဆိုသည်။

၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး

လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စစ်တပ်က အပြည်ပြည်ဆိုင်ရာ တရား ရုံး ICJ ၌ ထုချေလွှာကို ယခုနှစ် မေလ( ၂၄ )ရက်တွင် နောက်ဆုံးထားတင်သွင်းမည်ဖြစ်သော်လည်း စစ်ကောင်စီက နောက်ထပ် အချိန်( ၃ )လထပ်တိုးတောင်းဆိုထားခြင်းဖြစ်သည်။

ရိုဟင်ဂျာများကိုယ်တိုင်နှင့် နိုင်ငံတကာက ရိုဟင်ဂျာဟု ခေါ်ဝေါ်သုံးနှုန်းပြီး မြန်မာနိုင်ငံက ဘင်္ဂါလီဟု သုံးနှုန်းကြခြင်းဖြစ်သည်။

#TachileikNewsAgency