ဘန်ကောက်တွင် ထိုင်ဝမ်မင်းသမီးထံမှ ရဲတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း စွပ်စွဲမှုနှင့်ပတ်သက်၍ ထိုင်းရဲချုပ် တောင်းပန်

ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas [ Photo: courtesy of the Royal Thai Police ]
ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas [ Photo: courtesy of the Royal Thai Police ]
ဘန်ကောက်တွင် ထိုင်ဝမ်မင်းသမီးထံမှ ရဲတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း စွပ်စွဲမှုနှင့်ပတ်သက်၍ ထိုင်းရဲချုပ် တောင်းပန်
ဖေဖော်ဝါရီ 1, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များက အလည်အပတ် ရောက်ရှိနေသည့် ထိုင်ဝမ်မင်းသမီးတစ်ဦးထံမှ ခြိမ်းခြောက် ငွေညှစ်ခဲ့မှုအတွက် ထိုင်းနိုင်ငံ ရဲချုပ်က တောင်းပန်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အများစုမှာ ပြည်သူကို အလုပ်အကျွေးပြုရန် ရည်စူးထားသည့် သိက္ခာရှိသူများဖြစ်ကြောင်း ပြောခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ချိန်အတွင်း လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် ထိခိုက်ရသူများကို တောင်းပန်ကြောင်း ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas က ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ပြောသည်။

"ခရီးသွားတွေ အပါအဝင် ပြည်သူအားလုံးအနေနဲ့ ရဲတပ်ဖွဲ့ကို ယုံကြည်မှုရှိကြစေချင်ပါတယ်" ဟု ထိုင်းရဲချုပ်က ပြောသည်။

ထိုင်ဝမ်မင်းသမီး Charlene An ကို ခြိမ်းခြောက်ငွေညှစ်မှုဖြစ်ရပ်နှင့် ပတ်သက်၍ အချက်အလက်များ ရှာဖွေရန် ရဲချုပ်က ဘန်ကောက်ရဲတပ်ဖွဲ့ အကြီးအကဲကို ညွှန်ကြားထားကြောင်း သိရသည်။ 

ထိုဖြစ်ရပ်ကို ကြုံခဲ့ရသူများကို မေးမြန်းရန် ဘန်ကောက်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးများက ထိုင်ဝမ်နှင့် စင်ကာပူသို့ သွားရောက်နိုင်ကြောင်း ၎င်းကဆိုသည်။ 

သို့သော် ရဲတပ်ဖွဲ့အနေဖြင့် အခြား လူများထံမှ ထွက်ဆိုမှုများကိုလည်း နားထောင်လိုကြောင်း ထိုင်းရဲချုပ်က ပြောသည်။

၎င်းတို့မှာ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ထံသို့ သတင်းအချက်အလက် ပေးလိုသူများ ဖြစ်နိုင်ကြောင်း ရဲဗိုလ်ချုပ်ကြီး Damrongsak က ဆိုသည်။ 

ထိုင်ဝမ်မင်းသမီးထံတွင် တရားမဝင် အီးစီးကရက် (Electronic cigarette or vaping device) လက်ဝယ်ပိုင်ဆိုင်မှုအတွက် စွဲချက် မတင်ခဲ့ဘဲ တာဝန်ပျက်ကွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း စစ်ဆေးရေးဂိတ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ဝန်ခံထားသည်ဟု သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက် နံနက်အစောပိုင်းက စစ်ဆေးရေးဂိတ်တွင် မင်းသမီးကို လွှတ်ပေးရန် ဘတ် (၂၇,၀၀၀) ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း စွပ်စွဲချက်ကို ရဲတပ်ဖွဲ့ဝင်များက ငြင်းဆိုခဲ့ကြသည်။ 

သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ထိုင်ဝမ်မင်းသမီးထံမှ ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် (၁၄) ဦးကို စစ်ဆေးမေးမြန်းခဲ့ကြောင်းနှင့် ၎င်းတို့အားလုံးက လာဘ်ယူခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကြသည်ဟု သိရသည်။

Huai Khwang ဘူတာရုံတွင် တာဝန်ကျသော အဆိုပါ ရဲတပ်ဖွဲ့ဝင် (၁၄) ဦးအနက်မှ (၇) ဦးကို နောက်ထပ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဥ် နေရာရွှေ့ပြောင်းထားသည်။ 

ယခုကိစ္စတွင် Huai Khwang ဘူတာရုံမှ အကြီးအကဲနှင့် အကြီးတန်းအရာရှိများ တာဝန်ယူရမည်ဟု ရဲဗိုလ်ချုပ်ကြီး Damrongsak ပြောကြားထားသော်လည်း ဘန်ကောက်ရဲတပ်ဖွဲ့  အကြီးအကဲက တာဝန်မယူသင့်ဟု ဆိုသည်။ 

Source: Bangkok Post