ထိုင်းနိုင်ငံ မဲ့စမ်လက်ဘက်မှ ရိက္ခာများကို မြန်မာစစ်စခန်းသို့ မပို့တော့ဘဲ ညတွင်းချင်းပြန်သယ်ထုတ်နေ

ထိုင်းနိုင်ငံ မဲ့စမ်လက်ဘက်မှ ရိက္ခာများကို မြန်မာစစ်စခန်းသို့ မပို့တော့ဘဲ ညတွင်းချင်းပြန်သယ်ထုတ်နေ

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် စွတ်မွေမြို့နယ် မဲ့စမ်လက်ရွာ သံလွင်မြစ်ကမ်းတွင် စုပုံထားသည့် မြန်မာစစ်စခန်းအတွက် ရိက္ခာများကို ဖယ်ရှားပေးရန် မဲ့စမ်လက် ဒေသခံများ၏ တောင်းဆိုချက်အရ ၂၀၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ထိုင်းစံတော်ချိန် ည (၁၁)နာရီခွဲအချိန်တွင် ကား(၃)စီးဖြင့် လာသယ်သွားပြီဖြစ်ကြောင်း သိရသည်။

မဲ့စမ်လက်မှ သံလွင်မြစ်ကိုဖြတ်ကာ တစ်ဖက်ကမ်းရှိ မြန်မာစစ်စခန်းသို့ ပို့ရန် မတ်လ (၂၀) ရက်နေ့ကတည်းက နှစ်နိုင်ငံ နယ်ခြားကော်မတီ (TBC) အကူအညီဖြင့် ဆန်အိတ်များ၊ ဆီပုံးများ မဲ့စမ်လက်သို့ ရောက်လာခြင်းဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်သည့် လူထုအား စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှု လျော့ပါးစေရန် ရည်ရွယ်ချက်ဖြင့် KNU က ရိက္ခာပို့လမ်းကြောင်းများ ဖြတ်တောက်ထားသည်ကို ထိုင်းနိုင်ငံမှ ရိက္ခာထောက်ပံ့ရန် ကြိုးပမ်းခြင်းအား ထိုင်းနိုင်ငံသားများက ဝေဖန်မှုမြင့်တက်လာခဲ့သည့်အပြင် မတ်လ (၂၃) ရက်နေ့က ရိက္ခာများစုပုံထားသည့် မဲ့စမ်လက် မြစ်ဆိပ်သို့ သွားမည့် ဒေသခံများအား မြန်မာဘက် စစ်စခန်းမှ သေနတ်တစ်ချက် မိုးပေါ်ထောင်၍ ဖေါက်ခဲ့သဖြင့် အဆိုပါ ရိက္ခာများ ချက်ချင်းဖယ်ရှားပေးရန် ထိုင်းဒေသခံများက တောင်းဆိုလာကြခြင်းဖြစ်သည်။



ယင်းအပြင် အဆိုပါ စစ်စခန်းတည်ရှိရာဒေသမှာ KNU တပ်မဟာ (၅) နယ်မြေအတွင်းဖြစ်နေ၍ ရိက္ခာထောက်ပို့ရန် ကြိုးစားမှုကြောင့် ဖြစ်လာသည့်အကျိုးဆက်များကို တာဝန်မယူကြောင်း KNU ကလည်း ထုတ်ပြန်ထားခြင်းဖြစ်သည်။



မဲ့စမ်လက်မှ ပြန်သယ်သွားသည့် ရိက္ခာများကို သက်ဆိုင်ရာသို့ ပြန်ပို့မည်ဟု သိရသည်။

#TachileikNewsAgency

Source: The Reporters