ထိုင်းနိုင်ငံက တရုတ်နိုင်ငံထုတ် COVID 19 ကာကွယ်ဆေး Sinovac ကို လက်ကျန်ဖြတ်ပြီး အသုံးပြုမှု ရပ်ဆိုင်းမည်

ထိုင်းနိုင်ငံက တရုတ်နိုင်ငံထုတ် COVID 19 ကာကွယ်ဆေး Sinovac ကို လက်ကျန်ဖြတ်ပြီး အသုံးပြုမှု ရပ်ဆိုင်းမည်
အောက်တိုဘာ 19, 2021 | နိုင်ငံတကာသတင်း| Covid-19

ထိုင်းနိုင်ငံက လက်ရှိအသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် COVID 19 ကာကွယ်ဆေး Sinovac ကို လက်ရှိဝယ်ယူထားပြီး လက်ကျန်ဖြတ်ပြီးပါက ဆက်လက်အသုံးပြုတော့မည်မဟုတ်ဘဲ အနောက်နိုင်ငံများမှ ထုတ်လုပ်သည့်ဆေးကိုသာ ဆက်သုံးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ဖေဖေါ်ဝါရီကတည်းက Sinovac ဖြင့်ကာကွယ်ဆေးထိုးနှံခြင်းကို စတင်ခဲ့ကာ လက်ရှိအချိန်ထိ ဆေးထိုးနှံသည့်အကြိမ်ရေ (၃၁.၅) သန်း ထိုးနှံပေးထားပြီးနောက် ဇူလိုင်လမှစ၍ Sinovac ပထမအကြိမ် ထိုးနှံထားသူများကို AstraZeneca ဒုတိအကြိမ်ထိုးနှံသည့်အစီအစဉ်ဖြင့် ထိုးနှံပေးနေခြင်းဖြစ်သည်။

ဝယ်ယူထားပြီးဖြစ်သည့် Sinovac ကာကွယ်ဆေးများမှာ လာမည့်တစ်ပတ်အတွင်း ကုန်နိုင်ဖွယ်ရှိပြီး AstraZeneca၊ Pfizer နှင့် BioNTech တို့ကို ဆက်လက်အသုံးပြုသွားမည်ဟု ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးက ဘန်ကောက်ပို့စ်သတင်းတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့က ပြောကြားထားသည်။

ထိုင်းနိုင်ငံက လာမည့်နှစ်အတွက် COVID 19 ကာကွယ်ဆေးအကြိမ်ရေ သန်း (၁၂၀) ဝယ်ယူရန်လျာထားသည့်အနက် AstraZeneca ကို သန်း (၆၀)မှာယူထားကြောင်း သိရသည်။

နိုင်ငံလူဦးရေ (၇၂) သန်း၏ ၃၆ ရာခိုင်နှုန်းမှာ လက်ရှိတွင် ကာကွယ်ဆေးထိုးနှံထားပြီး နှစ်ကုန်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံနိုင်ရန် လျာထားကြောင်း သိရသည်။

လက်ရှိတွင် ကာကွယ်ဆေးထိုးနှံပြီး နိုင်ငံအချို့မှခရီးသွားများကို နိုင်ငံတွင်း ခရိုင် (၁၇) ခု၌ သွားလာလည်ပတ်ခွင့်ပြုရန် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်သည်။