ယတြာချေသည့် အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြို့နယ်(၆)မြို့နယ်တွင် စစ်တပ်နှင့်ဌာနဆိုင်ရာပေါင်းပြီး သန့်ရှင်းရေးပြုလုပ်

ယတြာချေသည့် အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြို့နယ်(၆)မြို့နယ်တွင် စစ်တပ်နှင့်ဌာနဆိုင်ရာပေါင်းပြီး သန့်ရှင်းရေးပြုလုပ်
ဇန်နဝါရီ 26, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း  မြို့နယ်ပေါင်း (၆)မြို့နယ်တွင် ဘုရား၊ စေတီပုထိုးတို့တွင် ထုံးသင်္ကန်းကပ်လှူခြင်း နှင့် သန့်ရှင်းရေးတို့အတွက်  စစ်တပ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး သန့်ရှင်းရေးအဖြစ် (၂)ရက် ဆက်တိုက် လုပ်ဆောင်ကြရန် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)က အမိန့်ပေး ညွှန်ကြားထားသည့်အတွက် သန့်ရှင်းရေးများ လုပ်ဆောင်ခဲ့ကြရကြောင်း သိရသည်။

စစ်တပ်နှင့်ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေးလုပ်ရန် မည်သည့်အစီအစဉ် မည်သည့်အထိမ်းအမှတ်မှ မဟုတ်ဘဲ ရုတ်တရက် အရေးကြီးသုတ်ပြာ ညွှန်ကြားလာသည့်အတွက် ယခင်လို ဌာနဆိုင်ရာ အစုံအလင် ပါဝင်နိုင်ခြင်း မရှိကြောင်းလည်း သိရသည်။

"ဌာနဆိုင်ရာတွေ နယ်မြေခံတပ်နဲ့ပေါင်းပြီး  ဘုရားမှာ သန့်ရှင်းရေး လုပ်ရမယ်။ လုပ်ပြီးရင် မှတ်တမ်းဓါတ်ပုံကို ညနေ(၄)နာရီအတိ မပျက်မကွက် ပို့ပေးရမယ်ဆိုပြီး စာနဲ့ညွှန်လာတာ။ ဘာအထိမ်းအမှတ်မှလည်းမဟုတ်ဘူး။ ခါတိုင်းကတော့ အထိမ်းအမှတ်တခုခု အမည်တပ်ပြီး စုပေါင်း သန့်ရှင်းရေး လုပ်ခဲ့ကြရတာပေါ့။ အခုကတော့ အရေးကြီးသုတ်ပြာ ညွှန်ကြားလာတဲ့သဘောပဲ"ဟု ဌာနဆိုင်ရာမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက   Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့တွင် ပြောသည်။

စုပေါင်း သန့်ရှင်းရေးအဖြစ် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)က ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ မြို့နယ်များဖြစ်သည့် ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယန်း၊ မိုင်းယောင်း နှင့် တာချီလိတ်မြို့နယ်များသို့ ညွှန်ကြားထားခြင်း ဖြစ်ပြီး သန့်ရှင်းရေးလုပ်ဆောင်သည့် မှတ်တမ်းပုံများကို ဖုန်း 094 28213381 သို့ Viber ကနေ ပေးပို့ရန် ဒုတိယဗိုလ်မှူးကြီး ကြည်မင်းသိန်းက လက်မှတ်ထိုးကာ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - ကျိုင်းတုံ၊ မိုင်းယန်း နှင့် မိုင်းဆတ်တို့၏ မှတ်တမ်းပုံများဖြစ်သည်။