မြန်မာစစ်အုပ်စုက သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု (၄) လအတွင်း ဒေါ်လာ သန်း (၈၀၀) ကျော် ရရှိခဲ့

မြန်မာစစ်အုပ်စုက သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု (၄) လအတွင်း ဒေါ်လာ သန်း (၈၀၀) ကျော် ရရှိခဲ့
သြဂုတ် 26, 2022 | နိုင်ငံတကာသတင်း
By Mr John

အာဏာသိမ်း မြန်မာစစ်အုပ်စုက ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ သန်း (၈၀၀) ရရှိခဲ့ပြီး တရုတ်နှင့်ထိုင်းသို့ အဓိက တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့် အစိုးရသတင်းစာတွင် ဩဂုတ်လ (၂၅) ရက်နေ့က ဖော်ပြသည်။ 

စစ်အုပ်စုလက်အောက်ခံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ (၄) လအတွင်း သဘာဝဓာတ်ငွေ့ ကီလိုလီတာ (၇၇.၈၉) သန်း တင်ပို့ရောင်းချခဲ့သည်ဟု ဆိုသည်။

အဓိကအားဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများဖြစ်သည့် ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇောတိက လုပ်ကွက်တို့မှဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းစာတွင် ပြောကြားမှုကို Reuters သတင်းက ကိုးကားဖော်ပြထားသည်။ 

သဘာဝဓာတ်ငွေ တင်ပို့ရောင်းချမှုကနေ ဝင်ငွေရရှိမှုမှာ ယမန်နှစ် အလားတူ အချိန်ကာလအတွင်းကထက် ဒေါ်လာ (၆၀.၇) သန်း ပိုမိုရရှိခဲ့သည်ဟုလည်း ဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုများမှာ အဓိကအားဖြင့် တရုတ်နှင့်ထိုင်းတို့ ဖြစ်ကြောင်း စစ်အုပ်စုအာဘော် Global New Light of Myanmnar သတင်းစာက ဖော်ပြသည်။ 

ထိုင်းနိုင်ငံမှ  PTT Exploration and Production (PTTEP) ကုမ္ပဏီက မြန်မာနိုင်ငံရှိ ရတနာ၊ ရဲတံခွန်နှင့် ဇောတိက လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များကို တူးဖော်ထုတ်လုပ်ပြီး ပြည်ပတင်ပို့နေသည်။ 

ထိုင်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ (၁၄) ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ရယူနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ နိုင်ငံတကာကုမ္ပဏီကြီးများဖြစ်သည့် Chevron Corp. နှင့် TotalEnergies တို့ကမူ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ဆိုးရွားလာမှုကြောင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများကို ရုပ်သိမ်းပြီး ထွက်ခွာသွားခဲ့သည်။ 

မြန်မာနိုင်ငံမှ TotalEnergies ထွက်ခွာသွားပြီးနောက် ထိုင်းအခြေစိုက် PTTEP က ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ကွက်ကို လွှဲပြောင်းရယူသွားမည်ဟု မေလအတွင်း ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နေ့၌ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းမှုကြောင့် ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေပြီး ပြည်သူလူထုမှာ အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။ 

စစ်အုပ်စုလက်ထက်တွင် နိုင်ငံခြားသုံးအရန်ငွေ ထိန်းထားရန် ရုန်းကန်နေရပြီး မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေကြောင်းနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်လျက်ရှိသည်။ 

ဒေါ်လာအသည်းအသန်လိုနေသည့် စစ်အုပ်စုက ကုမ္ပဏီများကို ၎င်းတို့၏ နိုင်ငံခြားငွေများအား မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရန်နှင့် ပြည်ပချေးငွေပြန်ဆပ်မှု ဆိုင်းငံ့ထားရန်လည်း အမိန့်ထုတ်ခဲ့သည်။

Source: Reuteres