ထိုင်းနိုင်ငံတွင် အသက် (၆၀) ကျော် အမျိုးသမီး Covid-19  ကာကွယ်ဆေး Sinovac ထိုးပြီး သေဆုံးသွားသည့်အတွက် လျော်ကြေးပေးမည်

ထိုင်းနိုင်ငံတွင် အသက် (၆၀) ကျော် အမျိုးသမီး Covid-19  ကာကွယ်ဆေး Sinovac ထိုးပြီး သေဆုံးသွားသည့်အတွက် လျော်ကြေးပေးမည်

ထိုင်းနိုင်ငံ ချင်းဖဲန်ဒေသတွင် Sinovac ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားသည့် အသက် (၆၁)နှစ်အရွယ် ဈေးသည်အမျိုးသမီးအတွက် ကျန်ရစ်သူမိသားစုအား လျော်ကြေးပေးမည်ဟု သိရသည်။

ဈေးသည်တစ်ဦးဖြစ်သည့် ဖွန်ခရတ်ချန်ချက်ဒါသည် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့က ပက်နမ်လန်းဆောင်ဆေးရုံတွင် ကိုဗစ်ကာကွယ်ဆေး Sinovac ထိုးပြီးနောက် သတိလစ်မေ့မျောသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖွန်ခရတ်ကို ကာကွယ်ဆေးထိုးခဲ့သည့်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသခဲ့ကြသော်လည်း သတိပြန်လည်ရလာခြင်းမရှိတော့ဘဲ  ဩဂုတ်လ (၂၂) ရက်နေ့တွင် သေဆုံးကြောင်း ဆေးရုံက ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပြီး စောင့်ကြည့်ရမည့်အချိန်အတွင်း မေ့မျောပြီး သေဆုံးခဲ့ရသဖြင့် ပြန်လည်စစ်ဆေးမှုလုပ်ရန် မလိုအပ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနတာဝန်ရှိသူ ဒေါက်တာ ဝီရာချတ်ရန်ဝပ်ချရီက ဩဂုတ်လ (၂၆) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားသည်။

လူနာမှာ သွေးတိုးရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ဆေးရုံက ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူက ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး ဖွန်ခရတ်မှာ ကာကွယ်ဆေးထိုး၍ သေဆုံးရခြင်းဖြစ်သည်ဟု မိသားစုက ယုံကြည်နေကြသည်။

ခရိုင်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူက ဖွန်ခရတ်အတွက် ဝမ်းနည်းရကြောင်း မိသားစုကို ပြောကြားခဲ့ပြီး ဆေးရုံအနေဖြင့် သေဆုံးရသူ၏မိသားစုကို တွေ့ဆုံ၍ လျော်ကြေးဆောင်ရွက်ပေးရန်ကိုလည်း ပြောကြားထားသည်ကို တွေ့ရသည်။

ဖွန်ခရတ်တွင် နာတာရှည်ရောဂါခံစားနေရမှုမရှိဘဲ ကာကွယ်ဆေးကြောင့် သေဆုံးရသည်ဟု သံသယရှိနေသည့် မိသားစုက ကျန်းမာရေးဌာနတာဝန်ရှိသူ၏ ဆုံးဖြတ်ချက်ကို လက်ခံသည်ဟု ဆိုသည်။

ဖွန်ခရတ်သည် ဩဂုတ်လ (၁၁) ရက်နေ့ မနက်ပိုင်းက ဆေးရုံသွား၍ ကာကွယ်ဆေးထိုးပြီးနောက် နေ့လယ်ပိုင်း၌ အိမ်ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲခံစားရမှုအခြေအနေကို မေးမြန်းရန် မိသားစုက ဖုန်းဆက်ချိန်တွင် ဖုန်းမကိုင်သဖြင့် အိမ်နီးချင်းများအား အကူအညီတောင်း၍ သွားကြည့်ရာ နေအိမ်အတွင်း မေ့မျောနေသည်ကို တွေ့ခဲ့ကြရခြင်းဖြစ်သည်ဟု သိရသည်။

 

Source: Bangkok Post