ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို လာအိုအစိုးရက ဩဂုတ်လ (၁၅)ရက်နေ့အထိ  Lockdown ချ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် - Photo: Laostian Time
လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် - Photo: Laostian Time
ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို လာအိုအစိုးရက ဩဂုတ်လ (၁၅)ရက်နေ့အထိ  Lockdown ချ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် COVID 19 ပျံ့နှံ့ခြင်း မရှိစေရန် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့အထိ Lockdown သတ်မှတ်လိုက်ကြောင်း လာအိုအစိုးရက ဩဂုတ် (၃) ရက်နေ့က ကြေညာထားသည်။

လာအိုနိုင်ငံ ဘိုကျောက်ပြည်နယ်၊ တုန်ဖိန်းခရိုင်အတွင်း တရုတ်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားသည့် ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ စားသောက်ဆိုင်ဝန်ထမ်းအမျိုးသမီး (၁) ဦးက ခမ်းမွီပြည်နယ်ရှိ နေအိမ်သို့ ဇူလိုင် (၁၁) ရက်နေ့က ပြန်လာပြီးနောက် COVID 19 စစ်ဆေးမှုမခံယူမီ နေရာများစွာသို့ သွားလာလည်ပတ်ထားသည့်အတွက် ကူးစက်ခံထားရသူအများအပြားရှိနိုင်သည့်ဒေသအဖြစ် ခမ်းမွီပြည်နယ်ကို ကျန်းမာရေးဌာန တာဝန်ရှိသူများက စောင့်ကြည့် သတိပေးထားရခြင်းဖြစ်သည်။ 

ယင်းနောက် အဆိုပါ အမျိုးသမီးအလုပ်လုပ်ကိုင်ရာ အထူးစီးပွားရေးဇုန်အတွင်း ထိတွေ့ကွင်းဆက်များ ဖေါ်ထုတ်ရန် ဘိုကျောက်ပြည်နယ်တာဝန်ရှိသူများက ကြိုးစားနေကြသည်ဟု ဆိုသည်။

အဆိုပါ အထူးစီးပွားရေးဇုန်မှ အလုပ်သမား (၅) ဦးအဖွဲ့ ဇူလိုင်လလယ်ပိုင်းက လောင်ဖရာဘန်နှင့် အိုးဒုန်းမက်ဇေးတို့သို့ သွားရောက်ခဲ့ပြီး ယင်းတို့အဖွဲ့မှ (၁)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် အဆိုပါဒေသများကို ကျန်းမာရေးဌာန သတိပေးစောင့်ကြည့်ခြင်းများ လုပ်ခဲ့ရခြင်းဖြစ်သည်။

အလားတူပင် လောင်နမ်ထားတွင်လည်း အထူးစီးပွားရေးဇုန်မှ လာသည့် တရုတ်နိုင်ငံသားတစ်ဦးတွင် COVID 19 တွေ့ရပြီးနောက် ဒေသတွင်းကူးစက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ အထူးစီးပွားရေးဇုန်ကုမ္ပဏီက ဒေသတွင်း COVID 19 ဖြစ်ပွားမှုအခြေအနေကို ထုတ်ပြန်ခြင် းမရှိသည့်အပြင် လာအိုကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့် အတည်ပြုလူနာစာရင်းတွင် အဆိုပါဒေသမှ စာရင်းပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။



သို့သော် လာအိုအထူးစီးပွားရေးဇုန်ကုမ္ပဏီက အဆိုပါဒေသတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာကို လွန်ခဲ့သည့် (၃) လဝန်းကျင်ကတည်းက COVID 19 ကူးစက်ခံရခြင်း ရှိ/မရှိမပြောဘဲ Quarantine Center များသို့ ရက်အကန့်အသတ်မရှိ ပို့နေသည်ကို တွေ့ရသည်။

လာအိုနိုင်ငံ ဘိုကျောက်ပြည်နယ်၊ တုန်ဖိန်းခရိုင်အတွင်း မြန်မာ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ် မဲခေါင်မြစ်ဘေးရှိ မြေဧရိယာဟက်တာ (၃,၀၀၀)တွင် လာအိုအစိုးရက ၂၀၀၇ ခုနှစ်မှစ၍ ဟောင်ကောင်အခြေစိုက် Kings Romans Company ကို ရွှေတြိဂံအထူးစီးပွားရေးဇုန် အကောင်အထည်ဖေါ်ခွင့်ပေးထားခြင်းဖြစ်ပြီး ကာစီနိုလုပ်ငန်းကို အဓိကလုပ်ကိုင်နေကာ တရုတ်နိုင်ငံသားအများအပြား ဝင်ထွက်နေသည့် ဒေသဖြစ်သည်။

လာအို ရွှေတြိဂံအထူးစီးပွားရေးဇုန်ဖေါ်ဆောင်နေသည့် Kings Romans Company မှာ လူကုန်ကူးမှု၊ မူးယစ်မှု၊ တောရိုင်းတိရစ္ဆန်များ တရားမဝင်ကူးသန်းရောင်းဝယ်မှုများနှင့်ပတ်သက်၍ အမည်ပျက်အဖွဲ့အစည်းအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားသည့်အပြင် အဓိကတာဝန်ရှိသူများဖြစ်ကြသည့် ဩစတေးလျနိုင်ငံသား အာဘက်စ်ဘာဆူအီဘရာဟမ် (Abbas "Basu" Eberahim)၊ ထိုင်းနိုင်ငံသား နတ်ရမ်တဝမ်ခရီ (Nat Rungtawankhiri)၊ ဟောင်ကောင်အခြေစိုက် တရုတ်နိုင်ငံသူ မဒမ်ဆု (ခေါ်) ရှောင်ဆု (ခေါ်) ဂီခင်းဆုနှင့် ၎င်း၏အမျိုးသား တရုတ် - မကာအိုနိုင်ငံသား ရှောင်ဝေ (Zhao Wei) တို့ကို ဒဏ်ခတ်ပိတ်ဆို့ထားခြင်းဖြစ်သည်။ 

#TachileikNewsAgency

Ref: Laostian Time