ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့ နန်းဖဲပအိုဝ်းရွာတွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၂)ဦး ကျည်ထိမှန်

ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့ နန်းဖဲပအိုဝ်းရွာတွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၂)ဦး ကျည်ထိမှန်

ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာတောင်ခြေ နန်းဖဲပအိုဝ်းရွာတွင်  အာဏာသိမ်းစစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး (၂)ဦးကျည်ထိမှန်ကာ အခြေ​နေ စိုးရိမ်နေရကြောင်းသိရသည်။ 

၂၀၂၁ခုနှစ် ဇွန်လ (၇)ရက်နေ့ ညပိုင်းကစ၍ မိုးဗြဲမြို့ နန်းဖဲပအိုဝ်းရွာတွင် စစ်ကောင်စီတပ်မှ တပ်ဆွဲထားခြင်းဖြစ်ပြီး ယနေ့ ဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အသက် (၂၂)အရွယ် အမျိုးသမီးမှာ ဆီးခုံကျည်ထိမှန်ထားသလို အသက် (၃၂)အရွယ် အမျိုးသမီးမှာ ပေါင်နှစ်ဖက်တွင် ကျည်ထိမှန်ထားကြောင်း သိရပြီး ဆီးခုံထိမှန်သူ အမျိုးသမီးမှာ စိုးရိမ်ရသည့် အခြေနေတွင် ရှိနေသည့်အတွက်း ဆေးကုသမှုပေးနိုင်မည့် နေရာသို့ ပို့ဆောင်နေကြောင်း သိရသည်။ 

မိန်းကလေး (၂)ဦးပါ ။ တစ်ယောက်ကတော့ ဆီးခုံကို ထိထားတယ် ။ အခြေနေကတော့ မကောင်ဘူး ဖြူဖက်ဖြူရော်နဲ့ သွေးထွက်လွန်နေတယ်။ နောက်တစ်ယောက်တော့ ခြေထောက် နှစ်ဖက်ကို ထိထားတယ်။ သူတို့က ဒေသခံအမျိုးသမီးတွေပါ။ အကြောင်းမဲ့ ပစ်ခံရတာ။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

မိုးဗြဲဒေသခံများ၏ ပြောပြချက်အရ ဇွန်လ (၉)ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဆွဲထားသော နန်းဖဲပအိုဝ်းကျေးရွာဖက်တွင် ပစ်ခတ်သံများကြားရပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမျိုးမဟုတ်ဘဲ စစ်ကောင်စီတပ်ဖက်ကသာ တစ်ဖက်သတ် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။