ကယားပြည်နယ် ဖရူဆိုမြို့အဝင်တွင် စစ်ဆေးစဉ် ရပ်တန့်မပေးသည့် ယာဉ်ကို ပစ်ခတ်၍ (၂)ဦး ဒဏ်ရာရ

ကယားပြည်နယ် ဖရူဆိုမြို့အဝင်တွင် စစ်ဆေးစဉ် ရပ်တန့်မပေးသည့် ယာဉ်ကို ပစ်ခတ်၍ (၂)ဦး ဒဏ်ရာရ
မေ 14, 2021 | ကယား

 ကယားပြည်နယ် ၊ ဖရူဆိုမြို့ အဝင် ရဲစခန်းအနီးတွင် ၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့ နံနက်ပိုင်းက လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးနေစဉ် ရပ်တန့်မပေးသည့်  ယာဉ်ငယ်တစ်စီးအား အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့က လိုက်လံပစ်ခတ်၍ ယာဉ်ပေါ်လိုက်ပါလာသူ (၂) ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ဖရူဆိုမြို့အဝင်အထွက်ကော မြို့ပြင်မြို့တွင်း နေရာအချို့မှာပါ လာသမျှကားတွေ ဆိုင်ကယ်တွေကို အဖုံးဖွင့်ခိုင်းပြီး တားစစ်တယ်။ သူတို့တားက မရပ်လို့ဆိုပြီး ကားငယ်ကို သေနတ်နဲ့ လိုက်ဝိုင်းပစ်ကြတယ်။ ကားကို ကျည်(၇)ချက်ထိတယ်။ လူ သုံးယောက်ပါတာ နှစ်ယောက် ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ကားကတော့ တော်​တော် စုပ်သွားတယ်။

ဟု အဆိုပါ ဒဏ်ရာရရှိသူများ ထံရောက်ရှိနေသည့်  ​မျက်မြင်သက်သေတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြု ပြောသည်။ 

ပစ်ခတ်ခံရ၍ ပျက်ဆီးသွားသည့်  ဓာတ်ပုံများကို ၎င်းတို့ရောက်ရှိနေသည့် နေရာရှိ အင်တာနက်လိုင်းအခက်ခဲကြောင့် ပေးပို့နိုင်ခြင်းမရှိဘဲ လူသုံးဦးစီးနင်းလာသည့် ကားငယ်အား သေနတ်ကျည်ဆံ (၇)ချက် ထိမှန်ခဲ့ကာ ကားပျက်ဆီးမှုရှိ၍ လူ(၂)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေနေမရှိကြောင်း သိရသည်။ 

မေလ (၁၄)ရက်နေ့ နံနက်ပိုင်းမှစ၍ ဖရူဆိုမြို့ အဝင် အထွက်ဂိတ် များနှင့် မြို့တွင်းနေရာအချို့နှင့် လောဂျာကျေးရွာအနီးရှိ အမှတ်(၁၄) တန်းမြင့်စစ်သင်တန်းကျောင်းရှေ့ တို့တွင်  အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့များမှ လမ်းသွားလမ်းလာ ယဥ်များနှင့် ခရီးသွားယဥ်များကိုပါ တာဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသည်။ 

"မြို့ဝင်မြို့ထွက် ဂိတ်တွေမှာကော မြို့ပြင် မြို့ထဲတစ်ချို့နေရာတွေမှာပါ စစ်တယ်။ ကားတွေ ဆိုင်ကယ်တွေဆို အဖုံးတွေကအစ လှန်ပြီးစစ်တယ်။ နေရာတွေ အများကြီးခွဲပြီး စစ်နေတာတွေ့တယ်။"ဟု ကိုယ်တိုယ်စစ်ဆေးခံခဲ့ရသူ ခရီးသွားတစ်ဦးကပြောသည်။ 

ဖရူဆိုမြို့အတွင်း မေလ (၁၄)ရက်နေ့ နံနက်ပိုင်းမှစ၍ လမ်းသွားလမ်းလာ ပြည်သူများအား တားဆီးစစ်ဆေးမှုများ လုပ်ဆောင်နေပြီး မှန်အလုံပိတ်ထားသည့် စစ်ကားအချို့မှာလည်း ဘောလခဲမြို့ဖက်သို့ ဦးတည်ကာ သွားနေကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှသိရသည်။