ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးအား ဦးစားပေးရန် NUG သမ္မတက အစိုးရအဖွဲ့ဝင်များအား တိုက်တွန်း

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးအား ဦးစားပေးရန် NUG သမ္မတက အစိုးရအဖွဲ့ဝင်များအား တိုက်တွန်း
ဇန်နဝါရီ 17, 2023 | 2021 Military Coup| နိုင်ငံရေး
By Tachileik News Agency

စစ်ကောင်စီကို ချေမှုန်းရေးနည်းတူ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးကို ပထမဦးစားပေးကိုင်ဆွဲကြရန် ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များကို ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ကျင်းပစဉ် ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးတလည် ပြောကြားချင်တာကတော့ NUG အစိုးရအနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ်ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ NUG အစိုးရအနေနဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်တာ မဟုတ်ပါဘူး။ NUG အစိုးရရဲ့ ဖြစ်တည်မှုကိုယ်၌က ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦးတော်လှန်ရေးကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်ဆွဲသင့်တယ်လို့ ယူဆပါတယ်။

ဟု ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းတွင် ပြောကြားသွားသည်။

စစ်အာဏာသိမ်းကာလအတွင်း လူတန်းစားကွာဟမှုကြီးမားလာမှုကို  NUG အစိုးရအဖွဲ့ဝင်များ သတိထားမိရန်လိုသည်ဟု ယာယီသမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

လက်ရှိ နိုင်ငံအတွင်းက အခြေအနေတွေကို ခြုံငုံပြီး ကြည့်လို့ရှိရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အမြား ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူလူထုကို ကရုဏာသက်ပြီး အခြားတစ်ဖက်ကိုတော့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့ အမျှ လူတန်းစားကွာဟလာတဲ့ အခြင်းအရာတစ်ခုကို ထောက်ပြတာဖြစ်ပါတယ်။ တစ်ဖက်မှာ တော်လှန်ခုခံနေတဲ့ သူတွေလည်း ရှိနေသလို တခြားတစ်ဖက်မှာလည်း ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာ တွေလည်း ရှိပါတယ်။ ဒါဟာ လက်ရှိ ပြည်သူလူထုအတွင်းက ဖြစ်ရပ်တချို့ကို ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင်တွေ သတိထားမိစေချင်တာ ဖြစ်ပါတယ်။

ဟု ယာယီသမ္မတက ၎င်း၏အစိုးရအဖွဲ့ဝင်များအား ပြောကြားထားသည်။



မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါဘေးအတွင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်ပါ ထပ်ကြုံရသဖြင့် ပြည်သူအများစုမှာ အထွေထွေ စားဝတ်နေရေးအပါအဝင် အဘက်ဘက်မှ ချွတ်ခြုံကျမှုများဖြစ်နေသော်လည်း စစ်ရေး/နိုင်ငံရေးအကျပ်အတည်းအတွင်း ပိုမိုချမ်းသာလာကြသည့် အာဏာသိမ်းအုပ်စုအပေါင်းအပါများလည်း ရှိနေကြခြင်းဖြစ်သည်။