မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အနေဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖေါ်သူများအား တုန့်ပြန်အရေးယူခြင်း မပြုရန် UN Human Rights တိုက်တွန်း

မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အနေဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖေါ်သူများအား တုန့်ပြန်အရေးယူခြင်း မပြုရန် UN Human Rights တိုက်တွန်း
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး

မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များသည် လွတ်လပ်စွာစုဝေးခွင့်ကို အပြည့်အဝလေးစားရန်နှင့် ကန့်ကွက်ဆန္ဒထုတ်ဖော်သူများအား တုန့်ပြန်အရေးယူခြင်းများ မပြုလုပ်ရန် အထူးအလေးအနက်ထားဆောင်ရွက်ရန်အတွက် UN Human Rights က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် တိုက်တွန်းလိုက်သည်။



စစ်တပ်အာဏာသိမ်းခံရပြီးနောက် ဒေသအသီးသီးတွင် ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြရာတွင် လူငယ်များက အအေးဗူးများ၊ ရေဗူးများ၊ နှင်းဆီပန်းပွင့်များအား လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများအား လိုက်လံဝေငှပြီး ပြည်သူများနှင့်အတူ ရပ်တည်ပေးရန် တောင်းဆိုခြင်းများကိုလည်း လုပ်ဆောင်နေကြသည်။



မြန်မာနိုင်ငံတွင် အင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား အလေးအနက်ထားသည့်အနေဖြင့် မူလအတိုင်းအပြည့်အဝ ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်လိုအပ်ပါသည်ဟုလည်း UN Human Rights က ထည့်သွင်း ပြောကြားထားသည်။



ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှား၍ မလွှဲမရှောင်သာ အာဏာသိမ်းရသည်ဟုဆိုသည့် စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများဖြတ်တောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတအပါအဝင် လူထုရွေးကောက်ထားသည့် ကိုယ်စားလှယ်များကိုပါ ဖမ်းဆီးပြီးနောက် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းများကို တောက်လျှောက် လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency