သွေးကွဲစေသည့် ကိစ္စရပ်များကို သတိထားရှောင်ရှားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

သွေးကွဲစေသည့် ကိစ္စရပ်များကို သတိထားရှောင်ရှားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

သွေးကွဲစေသည့် ကိစ္စရပ်များကို သတိထား ရှောင်ရှားကြရန် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။ 

၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်ပိုင်းတွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ်က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးချုပ်က ညီညွတ်ရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ယခုကာလတွင် သွေးကွဲစေသည့် ကိစ္စရပ်များကို သတိထား ရှောင်ရှားကြရန် အထူးပြောကြားလိုကြောင်း၊ စုစည်းညီညွတ်ကြမှသာ စစ်အာဏာရှင် အပြီးသတ် ဖြိုလှဲဖျက်ဆီးနိုင်မှာဖြစ်သောကြောင့် အချင်းချင်း ညီညွတ်ကြရန်၊ ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားသည်။

တော်လှန်ရေးကာလအတွင်း အခက်အခဲများကြားက ပေါ်ပေါက်လာခဲ့သည့် အစိုးရဖြစ်သော်လည်း  ပြည်သူ့ထောက်ခံမှုနှင့် တာဝန်ယူခဲ့ကြသည့် အစိုးရဖြစ်သောကြောင့် ပြည်သူ၏အဆုံးအဖြတ်၊ ထိန်းကျောင်းမှုတွေကို လိုက်နာပြီး စစ်မှန်ပြည့်ဝသည့် ဖက်ဒရယ် ဒီမိုကရေစီအရေး အာမခံချက်များအတွက် အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့အပြင် ပအဖအဖွဲ့ဆိုသည်မှာ အစိုးရ ပုံစံငယ်တစ်ခုဖြစ်သောကြောင့် ကဏ္ဍပေါင်းစုံရှိ တာဝန်ခံအသီးသီးများလည်း ပါဝင်နေခြင်းဖြစ်ကြောင်း၊ တိုင်းအလိုက် တာဝန်ရှိသူများနှင့် ဗဟိုကော်မတီအကြား တွေ့ဆုံဆွေးနွေးမှုများကို သေသေချာချာ အလေးထား ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

#TachileikNewsAgency

Photo :ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်နေရာအား ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း သွားရောက်ခဲ့စဥ်