အီတလီက အလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင်ကို ဆယ်စုနှစ် (၃) ခုအကြာတွင် ဖမ်းမိ 

အီတလီက အလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင်ကို ဆယ်စုနှစ် (၃) ခုအကြာတွင် ဖမ်းမိ 
By Mr John

ဆယ်စုနှစ် (၃)ခုအကြာထွက်ပြေးတိမ်းရှောင်နေသည့် အီတလီနိုင်ငံ၏ အလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင် မက်တဲအိုး မက်ဆီးနား ဒဲနာရို (Matteo Messina Denaro) ကို  အီတလီရဲတပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းဆီးရမိလိုက်ပြီဖြစ်သည်။

မာဖီးယားဂိုဏ်းခေါင်းဆောင် မက်ဆီးနား ဒဲနာရိုသည် ဆယ်စုနှစ် (၃) ခုကြာ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီး စီစီလီဒေသ၏ မြို့တော် ပါလာရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် ဆေးကုသရန်ရောက်ရှိနေစဥ် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

မက်ဆီးနား ဒဲနာရိုသည် စီစီလီဒေသရှိ ကော့စနော့စထရာမာဖီးယားဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ပြီး ၁၉၉၂ ခုနှစ်က မာဖီးယားဂိုဏ်းနှိမ်နင်းရေး အစိုးရရှေ့နေများဖြစ်သည့် Giovanni Falcone နှင့် Paolo Borsellino တို့ အသတ်ခံရမှုတွင် ၎င်း၏ပါဝင်ပတ်သက်မှုအတွက် ထောင်ဒဏ်တစ်သက် မျက်ကွယ်တွင် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

ယင်းအပြင် ၁၉၉၃ ခုနှစ်က ဖလောရင့်စ်မြို့၊ ရောမမြို့နှင့် မီလန်မြို့တို့တွင် လူ (၁၀) ဦး သေဆုံးခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း မက်ဆီးနားဒဲနာရိုကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။

နှစ်ပေါင်း (၃၀) ကြာ ထွက်ပြေးလွတ်မြောက်နေခဲ့သည့် အလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိခြင်းသည် နိုင်ငံအတွက် ကြီးမားသည့် အောင်ပွဲတစ်ရပ်ဖြစ်ပြီး မာဖီးယားကိုနှိမ်နှင်းရေးအတွက် လက်မလျှော့ကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု အီတလီဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

မက်ဆီးနားဒဲနာရိုသည် ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း စီစီလီဒေသ အနောက်ပိုင်းရှိ ထရာပါနီမြို့တဝိုက်ဧရိယာတွင် လှုပ်ရှားနေသည့် မာဖီးယားဂိုဏ်းကို အမိန့်ပေးညွှန်ကြားနေဆဲဖြစ်သည်ဟု အီတလီရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ပြောကြားထားခဲ့သည်။

ဖမ်းဆီးခံရချိန်တွင် အသက် (၆၀) အရွယ်ရှိနေသည့် မာဖီးယားဂိုဏ်းခေါင်းဆောင်သည် ထွက်ပြေးနေသည့် ဆယ်စုနှစ် (၃) ခုကြာကာလအတွင်း ထရာပါနီတဝိုက်ဧရိယာကို  အခိုင်အမာ ခြေကုပ်ယူထားခဲ့သည်ဟု သိရသည်။

ထရာပါနီမြို့အနီး ကက်စ်တယ်ဗီထရာနိုမြို့ငယ်လေးတွင် မွေးဖွားခဲ့သူ မက်ဆီးနား ဒဲနာရိုသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုအများအပြားအတွက် အဓိက သို့မဟုတ် ပူးတွဲ တာဝန်ရှိသူအဖြစ်လည်း အစိုးရရှေ့နေများက စွပ်စွဲထားသည်။

အဆိုပါ မာဖီးယားဂိုဏ်းခေါင်းဆောင်က ၁၉၉၃ ခုနှစ်တွင် အသက် (၁၂) နှစ်အရွယ်ကလေးတစ်ဦးကို ပြန်ပေးဆွဲခဲ့ပြီး ကလေး၏ဖခင်ဖြစ်သူကို မာဖီးယားဂိုဏ်းနှင့် ပတ်သက်သည့် သက်သေအထောက်အထားများ မပေးနိုင်ရန်ဟန့်တားခဲ့သည်ဟု အစိုးရရှေ့နေများက ပြောသည်။ 

ပြန်ပေးဆွဲခံရသည့်ကလေးမှာ (၂) နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် လည်ပင်းညှစ်အသတ်ခံရကာ အလောင်းကို အက်ဆစ်ဖြင့် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။



Source: Reuters, CNN