တာချီလိတ်မြို့ရှိ KTV နှင့် Club များတွင် အလွယ်တကူ ရရှိနိုင်သည့် ကျပ်သိန်းပေါင်း(၃၇၀၀)ကျော် တန်ဖိုးရှိ Happy Water( Happy Drug )များကို ဖမ်းဆီး ရမိ

တာချီလိတ်မြို့ရှိ KTV နှင့် Club များတွင် အလွယ်တကူ ရရှိနိုင်သည့် ကျပ်သိန်းပေါင်း(၃၇၀၀)ကျော် တန်ဖိုးရှိ Happy Water( Happy Drug )များကို ဖမ်းဆီး ရမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ KTV နှင့် Club များတွင် အလွယ်တကူ ရရှိနိုင်သည့် ကျပ်သိန်းပေါင်း(၃၇၀၀)ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့် ( Happy Water / Happy Drug)များကို  တာချီလိတ်မြို့ လွယ်စီတုံကျေးရွာအနီး နှင့် ဆေခမ်းရပ်ကွက်အတွင်းတို့တွင် ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုအတွင်း လွယ်စီတုံကျေးရွာအနီးတွင် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့က ကျမော့ နှင့် အားချဲန်တို့ မောင်းနှင်လိုက်ပါလာသည့် ကားကို တာချီလိတ်မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ ၎င်းတို့ထံက စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water / Happy Drug) (၁၀၅၀)ဂရမ်ကို တွေ့ရှိ သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု သိရသည်။

ဆက်လက်၍ ၎င်းတို့အား စစ်ကြောရေးပြုလုပ်ရာမှ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်အတွင်း ၎င်းတို့ နေထိုင်သည့် နေအိမ်အား စက်တင်ဘာလ (၂၂)ရက်နေ့၏ ည(၁၀)နာရီအချိန်တွင် သွားရောက် စစ်ဆေးရာက နေအိမ်တွင်  ကျာရှဲ နှင့် ခနာ့ကွန်(ခ)ကွန် တို့ကို တွေ့ရှိရကြောင်း သိရသည်။

နေအိမ်အတွင်း ဆက်လက်ရှာဖွေရာမှ နေအိမ်အတွင်းထဲက  စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water / Happy Drug) (၂.၃၄၅)ကီလို အပါအဝင် ကက်တမင်းအလေးချိန် (၅၀၀)ဂရမ်၊ အိုက်စ်(ရေခဲ) အလေးချိန် (၈၅၀)ဂရမ် နှင့်  စိတ်ကြွရူးသွပ်ဆေးပြား (၁၆,၀၀၀)ပြားတို့ကို ထပ်မံ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆးဝါးများအနက် မူးယစ်ဆေးဝါးအသစ်ဖြစ်သည့် စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water / Happy Drug)များ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၃,၇၃၄)ရှိသည်ဟု သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် အသက်(၂၀)နှစ်အရွယ်၊ ခနာ့ကွန်(ခ)ကွန်၊ အသက်(၂၁)နှစ်အရွယ်များဖြစ်သည့် အားချဲန် နှင့် ကျာရှဲ အပြင် အသက်(၂၂)နှစ်အရွယ် ကျမော့တို့ကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားကြောင်း သိရသည်။

စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water / Happy Drug)မှာ မက်သာဖက်တမင်း (methamphetamine) ထက် အာနိသင်လျော့နည်းသော်လည်း ၎င်းကိုသုံးထားပါက နိုးကြားတက်ကြွပြီး အာရုံခံစားမှုကောင်းကာ အရက်ဆိုင် သို့မဟုတ် ဘားဆိုင် သို့မဟုတ် နိုက်ကလပ်တွင် တစ်ညလုံး အချိန်းဖြုန်းနိုင်စွမ်းရှိသည်ဟု ဆိုသည်။ 

COVID-19 ကပ်ရောဂါ စတင်ခဲ့ချိန် ၂၀၂၀ ခုနှစ်အတွင်း ထိုမူးယစ်ဆေးဝါးအသစ် ထွက်ပေါ်လာခဲ့သော်လည်း  ထိုဆေးမှာ တာချီလိတ်မြို့ရှိ နိုက်ကလပ်နှင့် KTV များတွင် မကြာသေးမီက အသုံးများလာခဲ့သည်ဟု ထိုင်းနိုင်ငံ ချင်းရိုင်းတိုင်းသတင်းဌာန က စက်တင်ဘာလ(၂၁)ရက်နေ့က ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။  

"Happy Drug" မူးယစ်ဆေးဝါးကို ထိုင်းနိုင်ငံဘက်အခြမ်း နယ်စပ်တွင် မတွေ့ရသေးသော်လည်း ထိုင်းဘက်သို့ ထိုမူးယစ်ဆေးဝါး တင်သွင်းရန်ကြိုးပမ်းနိုင်ကြောင်း သံသယရှိသည့် ယာဥ်များနှင့် လူများကို ထိုင်း ဒေသဆိုင်ရာ အာဏာပိုင်များက ရပ်တန့်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေပြီး တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို သယ်ယူ ပို့ဆောင်မှုများ မပြုလုပ်နိုင်ရေးအတွက် ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့များက တားဆီးရန် တာချီလိတ် - မယ်ဆိုင် နယ်စပ်တလျှောက်တွင် စောင့်ကြည့် စောင့်ဖမ်းမှုများ တိုးမြှင့် လုပ်ဆောင်နေရကြောင်းလည်း ထိုင်းသတင်းဌာနများ၏ ဖော်ပြထားချက်အရ သိရသည်။