ရုရှားနိုင်ငံ၏ တောင်ပိုင်းတွင် လူနေအဆောက်အအုံပေါ်သို့ တိုက်လေယာဥ်ပျက်ကျမှု ဖြစ်ပွား

ရုရှားနိုင်ငံ၏ တောင်ပိုင်းတွင် လူနေအဆောက်အအုံပေါ်သို့ တိုက်လေယာဥ်ပျက်ကျမှု ဖြစ်ပွား
အောက်တိုဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားနိုင်ငံတောင်ပိုင်း Yeysk မြို့တွင် စစ်လေယာဥ်တစ်စီး လူနေအဆောက်အအုံတစ်ခုပေါ်သို့ ပျက်ကျခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး ရုရှားသတင်းဌာနများက ဖော်ပြသည်။

 ဆိုရှယ်မီဒီယာတွင် တွေ့ရသည့် မှတ်တမ်းဓာတ်ပုံအရ အဆောက်အအုံတစ်ခုမှ ကြီးမားသည့် မီးလုံးကြီးတစ်ခု ထွက်ပေါ်နေသည်ကို တွေ့ရသည်။

အောက်တိုဘာလ (၁၇) ရက်နေ့ ဒေသစံတော်ချိန် ညပိုင်းက Yeysk မြို့ရှိ လူနေအဆောက်အအုံပေါ်သို့ ပျက်ကျခဲ့သည့် လေယာဥ်မှာ Su-34 တိုက်လေယာဥ်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုသည်ဟု RT သတင်းတွင် ဖော်ပြသည်။ 

ထိုလေယာဥ်မှာ လေ့ကျင့်ပျံသန်းမှုအတွက် ဒေသဆိုင်ရာ လေဆိပ်မှ ပျံတက်သွားခဲ့ပြီးနောက် မကြာမီ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ပျက်ကျခဲ့သည့် တိုက်လေယာဥ်မှ လေယာဥ်မှူးများ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့သည်ဟု ဆိုသည်။ 

လေယာဥ်မှူးများ၏ အစီရင်ခံစာအရ လေဆိပ်မှ ပျံတက်ပြီးနောက် မကြာမီ လေယာဥ်အင်ဂျင်များ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

Mash သတင်းဌာနက ဖော်ပြခဲ့သည့် လေယာဥ်ပျက်ကျခဲ့သည့် နေရာမှ ဗီဒီယိုတစ်ခုတွင် အထပ်များပါသည့် လူနေအဆောက်အအုံ မီးလောင်နေပြီး မီးခိုးမည်းများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။

လေယာဥ်ပျက်ကျမှုကြောင့် လူနေအဆောက်အအုံများအတွင်း သေဆုံးဒဏ်ရာရမှု အခြေအနေကို မသိရသေးကြောင်း RT သတင်းက အောက်တိုဘာလ (၁၇) ရက် ညဥ့်နက်ပိုင်းတွင် ဖော်ပြသည်။ 

အခင်းဖြစ်နေရာသို့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများ စေလွှတ်ထားကြောင်း Yeysk မြို့ တည်ရှိရာ Kransnodar နယ်မြေ အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ရုရှားသတင်းဌာန TASS ၏ ဖော်ပြမှုအရ တိုက်လေယာဥ်ပျက်ကျသည့်နေရာတွင် လူနေတိုက်ခန်း အနည်းဆုံး (၁၅) ခန်း ပျက်စီးခဲ့ကြောင်း သိရသည်။

Source: RT, Reuters