ဖိလစ်ပိုင်တွင် ဂျပန် အကူအညီဖြင့် ပထမဆုံး မြေအောက်ရထားလမ်းဖောက်လုပ်မှု စတင်

ဖိလစ်ပိုင်တွင် ဂျပန် အကူအညီဖြင့် ပထမဆုံး မြေအောက်ရထားလမ်းဖောက်လုပ်မှု စတင်
ဇန်နဝါရီ 12, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ဖိလစ်ပိုင်နိုင်ငံတွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ပထမဆုံး မြေအောက်ရထားလမ်း ဖောက်လုပ်မှုစီမံကိန်းကို  စတင်နေပြီဖြစ်ကြောင်း သိရသည်။ 

လူဦးရေထူထပ်ပြီး ယာဥ်အသွားအလာ များပြားလှသည့် မနီလာမြို့တော်တွင် ယာဥ်ကြောပိတ်ဆို့မှုများ လျှော့ချရန်အတွက် မြေအောက်ရထားလမ်းစနစ်ကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။

စီမံကိန်းစတင်သည့် အခမ်းအနားတွင် ဂျပန်နိုင်ငံမှ သယ်ဆောင်လာသော မြေအောက်ရထားလမ်းအတွက် ဥမင်လှိုဏ်ခေါင်းတူးသည့် စက်ယန္တရား (၂) ခုအနက်မှ တစ်ခု၏ ခလုတ်ကို သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက နှိပ်ပေးခဲ့ခြင်းဖြင့် လုပ်ငန်းစတင်လိုက်သည်။ 

၂၀၂၃ခုနှစ် ဇန်နဝါရီလ၏ ဒုတိယပတ်အတွင်း၌ စတင်လိုက်သည့် ဖိလစ်ပိုင်၏ ပထမဆုံး မြေအောက်ရထားလမ်းကို ၂၀၂၈ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် ရည်မှန်းထားသည်။

ဖိလစ်ပိုင်၏ အဓိကကျသည့် အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ကူညီပေးမှုအတွက် ဂျပန်နိုင်ငံကို ကျေးဇူးတင်ကြောင်း သမ္မတမားကို့စ်က အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

မြေအောက်ရထားလမ်းဖောက်လုပ်မှုနှင့် မလွတ်ကင်းသည့် မြေနေရာများအတွက် လျှော်ကြေးပေးရန် ကိစ္စရပ်များကြောင့် စီမံကိန်း နှောင့်နှေးနေသော်လည်း ၂၀၂၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြေအောက်ရထားလမ်းကို  စတင်အသုံးပြုနိုင်မည်ဟု ဂျပန်နှင့် ဖိလစ်ပိုင် စီမံကိန်းကန်ထရိုက်တာများက ဆိုသည်။

မားကို့စ်၏ သမ္မတသက်တမ်းမှာ ထိုနှစ် ဇွန်လတွင် ပြီးဆုံးမည်ဖြစ်ရာ ၎င်း၏ သမ္မတသက်တမ်းအတွင်း မြေအောက်ရထားလမ်းစီမံကိန်းကို ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။ 

ဖိလစ်ပိုင်၏ ပထမဆုံး မြေအောက်ရထားလမ်းမှာ (၂၁) မိုင် (၃၃.၁ ကီလိုမီတာ) ရှည်လျားပြီး မြို့ (၈) မြို့ကို ဖြတ်သန်းသွားမည်ဖြစ်ကာ Pasay မြို့ရှိ အဓိက လေဆိပ်သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခု ပါဝင်ကြောင်း သိရသည်။

သမ္မတမားကို့စ်က ထိုမြေအောက်ရထားလမ်းစီမံကိန်းကို "ဂျပန်ပြည်သူများထံမှ ဖိလစ်ပိုင်ပြည်သူများသို့ ပေးအပ်သော လက်ဆောင်" ဟု ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ရည်ညွှန်းပြောခဲ့သည်။



မြေအောက်ရထားလမ်းစီမံကိန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၈.၈) ဘီလီယံဖြစ်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Japan International Cooperatioin Agency (JICA) ထံမှ ဒေါ်လာ (၂.၇) ဘီလီယံ ချေးငွေအကူအညီ ရရှိခဲ့သည်။ 



Source: Kyodo News, Bangkok Post