ဖိလစ်ပိုင်တွင် ကြက်သွန်နီက အသားဈေးထက်  ပိုကြီးနေပြီး နိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းနေ

ဖိလစ်ပိုင်တွင် ကြက်သွန်နီက အသားဈေးထက်  ပိုကြီးနေပြီး နိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းနေ
ဇန်နဝါရီ 12, 2023 | နိုင်ငံတကာသတင်း
By Mr John

  ဖိလစ်ပိုင်နိုင်ငံတွင် ဟင်းလျာအားလုံးနီးပါးအတွက် အဓိက ပါဝင်ပစ္စည်းဖြစ်သည့် ကြက်သွန်နီများ အဆမတန် ဈေးနှုန်းမြင့်တက်နေပြီး ကြက်သွန်နီဈေးမှာ ကြက်သားဈေးထက် (၃) ဆနီးပါး ပိုများနေသည်ဟု ဆိုသည်။ 

၂၀၂၃ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို (၁) ကီလိုဂရမ် (၆၁ ကျပ်သား) လျှင် ဖိလစ်ပိုင်ပီဆိုငွေ (၆၀၀) (အမေရိကန်ဒါ်လာ ၁၁ ဒေါ်လာ/မြန်မာကျပ်ငွေ ၃၁,၀၀၀ ကျော်) ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။

ကြက်သားဈေးမှာ (၁) ကီလိုဂရမ်လျှင် ဖိလစ်ပိုင်ပီဆိုငွေ (၂၂၀) (၄ ဒေါ်လာ/မြန်မာကျပ်ငွေ ၁၁,၀၀၀ ကျော်) ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဌာန ပြောသည်။ 

ဖိလစ်ပိုင်တွင် အမဲသားကပင် ကြက်သွန်နီထက် (၃၀) ရာခိုင်နှုန်း ဈေးသက်သာနေပြီး ကြက်သွန်နီ (၁) ကီလိုဂရမ် ဈေးနှုန်းက အနိမ့်ဆုံး တစ်ရက်လုပ်အားခထက် ပိုများနေသည်ဟု ဆိုသည်။

ဖိလစ်ပိုင်အောက်လွှတ်တော်မှ စီးပွားရေးပညာရှင် Joey Salceda က ဖိလစ်ပိုင်နိုင်ငံတွင် ကမ္ဘာ့ဈေးအကြီးဆုံး ပြည်တွင်းကြက်သွန်နီဈေးနှုန်းကို ကြုံတွေ့နေရကြောင်း  ပြောသည်။ 

ဖိလစ်ပိုင်ပြည်သူများစွာကလည်း ကြက်သွန်နီဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အကြောင်း ဆိုရှယ်မီဒီယာတွင် ဝေဖန်ပြောဆိုနေကြသည်။

ယမန်နှစ်အတွင်း ဖိလစ်ပိုင်ကို စူပါတိုင်ဖွန်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် ပီဆိုငွေ ဘီလီယံ ဆယ်ဂဏန်းရှိ ကောက်ပဲသီးနှံ စိုက်ခင်းများ ပျက်စီးခဲ့ရပြီးနောက်ပိုင်း ကြက်သွန်နီဈေးနှုန်း ထိုးတက်လာခြင်းလည်း ဖြစ်သည်။ 

ဖိလစ်ပိုင်တွင် လတ်တလောလပိုင်းက ငွေကြေးဖောင်းပွမှုနှုန်းလည်း မြင့်တက်နေခဲ့ပြီး ဒီဇင်ဘာလတွင် စားသုံးသူဈေးနှုန်းများ (၈.၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ (၁၄) နှစ်အတွင်း အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း Philippines Statistics Authority ၏ အချက်အလက်များအရ သိရှိရသည်။

စံချိန်တင် ဈေးနှုန်းမြင့်တက်မှုများကြောင့် လွှတ်တော်အမတ်များနှင့် အစိုးရဌာနကို စစ်ဆေးရသည့် အမှုစစ်အရာရှိက စုံစမ်းစစ်ဆေးမှု အပါအဝင် တရားဝင် စုံစမ်းစစ်ဆေးမှု အများအပြား လုပ်ဆောင်ခဲ့ရသည်။ 

အစိုးရဌာနဆိုင်ရာ စစ်ဆေးရေးမှူး Samuel Martires က ၏ ပြောကြားမှုကို ယခုသီတင်းပတ်အတွင်း CNN Philippines က ကိုးကားဖော်ပြမှုအရ ၎င်းအနေဖြင့် ဈေးကစားမှုဖြစ်နိုင်ခြေကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဖိလစ်ပိုင်တွင် ကြက်သွန်နီမှာ တန်ဖိုးကြီး လူသုံးကုန်ကဲ့သို့ဖြစ်လာရာ ကြက်သွန်နီများကို နိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းမှုများရှိနေသည်။

 အကောက်ခွန်အရာရှိများက ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် အဝတ်အထည်တင်ပို့မှုအတွင်း ဒေါ်လာ (၃၁၀,၀၀၀) တန်ဖိုးရှိ ကြက်သွန်နီများကို ရှာဖွေသိမ်းဆည်းမိခဲ့ကြောင်း အစိုးရသတင်းဌာ Philippine News Agency က ဆိုသည်။ 

ရှေ့ (၂) ရက်ကလည်း တရုတ်နိုင်ငံမှ တင်သွင်းလာသော မုန့်ဘူးများတွင် သိုဝှက်သယ်ဆောင်လာသည့် ဒေါ်လာ (၃၆၄,၀၀၀) တန်ဖိုးရှိ ကြက်သွန်နီများကို အကောက်ခွန်ဌာနက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အမေရိကန် (၁) ဒေါ်လာ = မြန်မာကျပ်ငွေ (၂,၈၄၀)

Source: CNN