မက္ကစီကိုတွင် နာမည်ကြီး မူးယစ်ရာဇာ အယ်လ်ချာပို၏ သားကို ဖမ်းဆီးမှုအတွင်း လူ (၂၉) ဦး သေဆုံး

 မက္ကစီကိုတွင် နာမည်ကြီး မူးယစ်ရာဇာ အယ်လ်ချာပို၏ သားကို ဖမ်းဆီးမှုအတွင်း လူ (၂၉) ဦး သေဆုံး
ဇန်နဝါရီ 7, 2023 | နိုင်ငံတကာသတင်း
By Mr John

မက္ကစီကိုနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များက အမေရိကန်နိုင်ငံ၌ ထောင်ဒဏ်ကျခံနေရသည့် နာမည်ကြီး မူးယစ်ရာဇာ ဂျိုအာကွင်း အယ်လ်ချာပိုဂုဇ်မန်း၏ သားတစ်ဦးဖြစ်သူ အိုဗီဒီအိုဂုဇ်မန်းကို ဇန်နဝါရီလ (၅) ရက်နေ့က ဖမ်းဆီးမှုအတွင်း လုံခြုံရေးတပ်ဖွဲ့များနှင့် မူးယစ်ဆေးဝါးဂိုဏ်းဝင်အဖြစ် သံသယရှိသူများ အပါအဝင် (၂၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

အိုဗီဒီအိုကို ဖမ်းဆီးခဲ့ပြီးနောက် အင်အားကြီး မူးယစ်ဆေးဝါးဂိုဏ်း စီနာလိုအာ အခြေစိုက်လှုပ်ရှားရာ မက္ကစီကိုမြောက်ပိုင်း စီနာလိုအာပြည်နယ်ရှိ Culiacan မြို့တွင် အကြမ်းဖက်မှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ 

စီနာလိုအာ မူးယစ်ဆေးဝါးဂိုဏ်းကို ၂၀၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ တရားခံလွှဲပြောင်းမှုအရ လွှဲပြောင်းမခံရမီ အယ်လ်ချာပိုက ဦးဆောင်ခဲ့သည်။ 

မူးယစ်ရာဇာ အယ်လ်ချာပို၏သား အိုဗီဒီအိုကို ဖမ်းဆီးမှုအတွင်း ဖြစ်ပွားခဲ့သည့် ထိပ်တိုက်တွေ့ တိုက်ခိုက်မှုများအတွင်း ဗိုလ်မှူးကြီးအဆင့် တစ်ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် (၁၀) ဦးနှင့် မူးယစ်ဆေးဝါးဂိုဏ်းဝင်အဖြစ် သံသယရှိသူ (၁၉) ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Luis Cresencio Sandoval က ပြောသည်။ 

 လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ တိုက်ခိုက်မှုများ (၁၂) ကြိမ် ဖြစ်ပွားခဲ့ကြောင်းနှင့် အကြမ်းဖက်သူများက ဖောက်ထွင်းလုယက်မှု (၂၅) မှုနှင့် ယာဥ်အစီးရေ (၂၅၀) ကို မီးရှို့ပြီး လမ်းပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြကြောင်း Rocha က ဆိုသည်။ 

၂၀၁၉ ခုနှစ်က အယ်လ်ချာပို၏သား အိုဗီဒီအိုကို ဖမ်းဆီးမှု မအောင်မြင်ခဲ့ရာ သမ္မတ အန်းဒရက်စ် မန်နျူရယ်လိုပက်စ် အိုဘရာဒေါ၏ အစိုးရအဖွဲ့အတွက် အရှက်ရစရာဖြစ်ခဲ့သည်။ 

ထိုစဥ်ကလည်း အိုဗီဒီအိုကို ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက Culiacan မြို့ရှိ ကျောင်းများနှင့် လေဆိပ်များကို ပိတ်ခဲ့ရသည်။

အိုဗီဒီအိုမှာ ဖခင်ဖြစ်သူ အဖမ်းခံရပြီးနောက်ပိုင်း စီနာလိုအာ မူးယစ်ဆေးဝါးဂိုဏ်းတွင် အရေးပါသူတစ်ဦး ဖြစ်လာခဲ့သည်။ 

မက္ကစီကို အာဏာပိုင်များက ၂၀၁၉ ခုနှစ်တွင် အိုဗီဒီအိုကို ဖမ်းဆီးခဲ့သော်လည်း ၎င်း၏ဂိုဏ်းက လက်တုံ့ပြန် အကြမ်းဖက်မှုများ အကြီးအကျယ် ဖြစ်ပွားလာမှု အဆုံးသတ်ရန် အမြန်ပြန်လွှတ်ပေးခဲ့ရသည်။ 

ဇန်နဝါရီလ (၅) ရက်နေ့တွင်မူ အသက် (၃၂) နှစ်အရွယ် အိုဗီဒီအိုကို ဒုတိယအကြိမ် ဖမ်းဆီးပြီး မက္ကစီကိုမြို့တွင် ထိန်းသိမ်းထားကြောင်း ကာကွယ်ရေးဝန်ကြီးက အတည်ပြုခဲ့သည်။ 

၎င်းကို (၆) လကြာ ခြေရာခံထောက်လှမ်းပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မက္ကစီကိုအစိုးရက ပြောသည်။

အိုဗီဒီအို ဒုတိယအကြိမ် ဖမ်းဆီးခံရပြီးနောက် ၎င်း၏ဂိုဏ်းဝင်များက Culiacan မြို့တွင် အကြမ်းဖက် တုံ့ပြန်တိုက်ခိုက်လာခဲ့ပြီး မက္ကစီကိုလေတပ် လေယာဥ်တစ်စီးလည်း ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။ 

အပြန်အလှန် ပစ်ခတ်မှုအတွင်း Aeromexico လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဥ်တစ်စီးလည်း ကြားညှပ်ခဲ့ပြီး လေယာဥ်ပေါ်တွင် ခရီးသည်များ ထိတ်လန့်တကြား ဖြစ်ခဲ့ကြရသည်။ 

ထိုမြို့တွင် ပစ်ခတ်မှုများနှင့် ဝရုန်းသုန်းကား ထိတ်လန့်စရာ အခြေအနေဖြစ်နေကြောင်း သတင်းများက ဆိုသည်။ 

Culiacan မြို့နှင့် စီနာလိုအာပြည်နယ်ရှိ အခြား မြို့များဖြစ်သော Mazatlan နှင့် Los Mochis တို့တွင် လေဆိပ်များ ပိတ်ထားကြောင်း သိရသည်။

မက္ကစီကိုနိုင်ငံ မက္ကစီကိုမြို့တွင် လာမည့် သီတင်းပတ်အတွင်း ကျင်းပပြုလုပ်မည့် မြောက်အမေရိက ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး မတိုင်မီ အိုဗီဒီအိုကို ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်သည်။ 

ထိုအစည်းအဝေးသို့ အမေရိကန်သမ္မတဘိုင်ဒန် တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးမည်ဟု ခန့်မှန်းရသည်။ 

မူးယစ်ရာဇာ အယ်လ်ချာပို၏သား အိုဗီဒီအိုကို ဖမ်းဆီးနိုင်ရန် သို့မဟုတ် ပြစ်ဒဏ်စီရင်နိုင်ရန် သတင်းပေးသူအား ဒေါ်လာ (၅) သန်း ပေးမည်ဟု အမေရိကန်က ဆုငွေထုတ်ခဲ့ကြောင်းလည်း သိရသည်။



မက္ကစီကိုက အိုဗီဒီအိုကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ဖခင် အယ်လ်ချာပိုကဲ့သို့ အမေရိကန်သို့ လွှဲပြောင်းခြင်းပြု မပြု အတိအကျ မသိရသေးဟု ဆိုသည်။ 

မူးယစ်ရာဇာ အယ်လ်ချာပိုမှာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ရှိ လုံခြုံရေးအမြင့်ဆုံး Supermax အကျဥ်းထောင်တွင် ထောင်ဒဏ်တစ်သက် ကျခံနေရသည်။ 

အယ်လ်ချာပို ဦးဆောင်ခဲ့သည့် စီနာလိုအာဂိုဏ်းမှာ ကမ္ဘာ့အင်အားအကြီးဆုံး မူးယစ်ဆေးဝါးကုန်သွယ်မှု အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Source: Reuters, AFP