မလေးရှားဝန်ကြီးချုပ်ဟောင်း အဂတိမှုဖြင့် ဒဏ်ငွေ ရင်းဂစ် သန်း (၂၁၀) နှင့် ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခံရ

မလေးရှားဝန်ကြီးချုပ်ဟောင်းဖြစ်သူ နာဂျစ်ရာဇက်ခါ
မလေးရှားဝန်ကြီးချုပ်ဟောင်းဖြစ်သူ နာဂျစ်ရာဇက်ခါ
မလေးရှားဝန်ကြီးချုပ်ဟောင်း အဂတိမှုဖြင့် ဒဏ်ငွေ ရင်းဂစ် သန်း (၂၁၀) နှင့် ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခံရ
သြဂုတ် 24, 2022 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားဝန်ကြီးချုပ်ဟောင်းဖြစ်သူ နာဂျစ်ရာဇက်ခါသည် အယူခံများ ပယ်ချခံရပြီးနောက် အဂတိမှုဖြင့် ဒဏ်ငွေအဖြစ် မလေးရှား  ရင်းဂစ်ငွေ သန်း (၂၁၀)  (အမေရိကန်ဒေါ်လာ ၄၆.၈) သန်း) နှင့် ထောင်ဒဏ်အဖြစ် (၁၂)နှစ် ချမှတ်ခံရကြောင်း သိသည်။ 

အသက် (၆၉) နှစ်အရွယ် နဂျစ်ကို မလေးရှားအစိုးရပိုင် ရန်ပုံငွေအဖွဲ့အစည်း 1Malaysia Development Berhad (1MDB) ပါဝင်ပတ်သက်နေသည့် အဂတိလိုက်စားမှု အရှုပ်တော်ပုံနှင့် ဆက်စပ်ပြီး ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို အဂတိလိုက်စားမှုဖြင့် ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း အယူခံဝင်ထားသည့် ကာလအတွင်း အာမခံပေးထားခဲ့သည်။ 

ယခုအခါ တရားရုံးချုပ်က နဂျစ်၏ အယူခံကို ပယ်ချလိုက်သည့်အပြင် ပြစ်ဒဏ်ဆိုင်းငံ့ထားရန် ပန်ကြားမှုကိုလည်း ပယ်ချလိုက်သော်လည်း ဝန်ကြီးချုပ်ဟောင်းနဂျစ်က ဆက်လက်ပြီး ၎င်းအနေဖြင့် မည်သည့်အမှားမျှ မကျူးလွန်ထားကြောင်း   ငြင်းဆိုနေသည်။

၂၀၂၀ ခုနှစ်အတွင်း တရားရုံးကြားနာစစ်ဆေးမှုအရ နဂျစ်မှာ အမှု (၇) ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထိုအမှုအများမှာ 1MDB ၏ ယခင်လုပ်ငန်းခွဲတစ်ခုဖြစ်သော SRC International မှ နဂျစ်၏ ဘဏ်အကောင့်များထဲသို့ စုစုပေါင်း မလေးရှား ရင်းဂစ်ငွေ (၄၂) သန်း (အမေရိကန်ဒေါ်လာ ၉.၄) သန်း လွှဲပြောင်းခဲ့မှုနှင့် ဆက်စပ်နေသည်။

နဂျစ်၏ရှေ့နေများက ထိုငွေများမှာ ဆော်ဒီတော်ဝင်မိသားစုက လှူဒါန်းသောငွေများဖြစ်သည်ဟု ခုခံချေပခဲ့ကြသလို နဂျစ်မှာ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးများ အထူးသဖြင့် ယခု ဝရမ်းပြေးဖြစ်နေသူ စီးပွားရေးလုပ်ငန်းရှင် Jho Low ၏ လှည့်စားမှုခံခဲ့ရသည်ဟု ၎င်း၏ရှေ့နေများက ထောက်ပြသည်။

 ဝရမ်းပြေးဖြစ်နေသူ စီးပွားရေးလုပ်ငန်းရှင် Jho Wo ကိုလည်း အမေရိကန်နှင့် မလေးရှားနိုင်ငံတို့တွင် တရားစွဲဆိုထားကြောင်းလည်း သိရသည်။

ဝန်ကြီးချုပ်ဟောင်းနဂျစ်အပြင် ၎င်း၏ဇနီး Rosmah Mansor ကိုလည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတစ်ခုနှင့် ဆက်စပ်၍ ငွေကြးခဝါချမှုနှင့် အခွန်ရှောင်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ၎င်းက အပြစ်မရှိကြောင်း လျှောက်လဲထားပြီး  ထိုအမှုကို အထက်တရားရုံးက စက်တင်ဘာ (၁) ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

Source: CNA, BBC