တာလေမြို့တွင် မူးယစ်ဆေး ကြောင်နေသည့် အမျိုးသားတစ်ဦးက အိမ်နီးချင်း သားအမိနှစ်ဦးကို ဓါးဖြင့် ခုတ်ရာ ကလေးငယ် သေဆုံး

တာလေမြို့တွင် မူးယစ်ဆေး ကြောင်နေသည့် အမျိုးသားတစ်ဦးက အိမ်နီးချင်း သားအမိနှစ်ဦးကို ဓါးဖြင့် ခုတ်ရာ ကလေးငယ် သေဆုံး
ဇန်နဝါရီ 8, 2023 | မူးယစ်ဆေး| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် တာလေမြို့တွင် မူးယစ်ဆေးဝါးအလွန်အကျူးသုံးစွဲထားသည့် အမျိုးသားတစ်ဦးက မီးလှုံနေသည့် အိမ်နီးချင်း သားအမိ(၂)ဦးကို  ဓါးဖြစ်ခုတ်ရာ အသက်(၅)နှစ်ဝန်းကျင်အရွယ် ကလေးငယ်မှာ ကျိုင်းတုံဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း ရန်အောင်ကျေးရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးအလွန်အကျူးသုံးစွဲထားရာ ၂၀၂၃ခုနှစ် ဇန်ဝါရီလ (၇)ရက်နေ့ ည(၉)နာရီကျော်အချိန်က အိမ်နီးချင်း သားအမိနှစ်ဦးဖြစ်သည့် အမျိုးသမီးတစ်ဦးနှင့်အသက်(၅)နှစ်ဝန်းကျင်အရွယ် ကလေးငယ်တို့   မီးလှုံနေကြစဉ် ဓါးဖြင့် ခုတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"သားအမိ နှစ်ယောက်လုံး မီးလှုံနေတာ အဲ့ဒါကို ရှေ့ကနေပြီး ဆေးကြောင်နေတဲ့ အိမ်နီးချင်းလူက ဓါးကောက်နဲ့ ခုတ်လိုက်တာ။"ဟု ရန်အောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ဓါးဖြင့်ခုတ်ခံရမှုကြောင့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးမှာ ဘက်ဖက်လက်ကျိုးသွားသလို ဦးခေါင်းလည်း ဒဏ်ရာရရှိသွားသည့်အပြင် အသက်(၅)နှစ်ဝန်းကျင် ကလေးငယ်မှာလည်း ဦးခေါင်းတွင် ရရှိထားသည့် စိုးရိမ်ရသော ဒဏ်ရာကြောင့် နားယောင်းရပ်ကျေးအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးဒေးဗစ် နှင့် လောကပါလ ပရဟိတ လူမှုကူညီရေး အသင်း(တာလေမြို့)တို့က  ညတွင်းချင်း တာလေဆေးရုံကနေ တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း နှင့် ကလေး၏ အခြေအနေအရ တာချီလိတ်ဆေးရုံကနေ ကျိုင်းတုံဆေးရုံသို့ ထပ်မံပို့ဆောင်လိုက်ရကြောင်း သိရသည်။

ဓါးဖြင့်ခုတ်သည့် အိမ်နီးချင်း အသက်(၃၆)နှစ်ဝန်းကျင်အရွယ် ယောန ဆိုသူ အမျိုသားအား တာလေနယ်မြေရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

"တရားခံကိုတော့ ကျွန်တော်တို့ ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကလေးကတော့  ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်းနဲ့ ဒီမနက်(၇)နာရီခွဲကျော်မှာ ဆုံးသွားတယ်"ဟု တာလေနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ယနေ့ ဇန်နဝါရီလ(၈)ရက်နေ့တွင် ပြောသည်။

တာလေမြို့ရှိ ကျေးရွာအုပ်စု(၆)စုအနက် ဧရိယာစတုရန်းမိုင်ပေါင်း (၁၅၅.၉၅ )ကျယ်ဝန်းသည့် နားယောင်းကျေးရွာအုပ်စုသည် တာလေမြို့၏ အကျယ်ဆုံး ကျေးရွာအုပ်စုဖြစ်သလို မူးယစ်ဆေးဝါး ရောင်းချသူနှင့် သုံးစွဲသူအများအပြားရှိပြီး ယခုလို မူးယစ်ဆေးဝါးအလွန်အကျူးသုံးစွဲပြီး မိသားစုနှင့် အိမ်နီးချင်းများအပေါ် ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

"မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ သူတွေကိုလည်း ရဲက သိနေတာပဲ၊ ဘယ်နေရာမှာ ဘယ်လိုတွေ ရောင်းတယ် သုံးတယ်ဆိုတာက အစ သူတို့သိတယ်။ တားဆီး နှိမ်နင်းခြင်း မရှိဘူး။၊ အခုဆိုရင် တာလေမြို့ပေါ် ရပ်ကွက်နဲ့ကျေးရွာတွေမှာ လူငယ်တွေ နဲ့ လူလတ်ပိုင်းတွေ မူးယစ်ဆေးဝါးသုံးစွဲတာများကြတယ်။ တာလေမှာဆိုရင်တော့ နားယောင်ကျေးရွာအုပ်စုမှာက ပိုများတာပေါ့၊ ကျွန်တော်တို့လည်း အကြံပြုနိုင်စွမ်းမရှိတော့ ဒီတိုင်းပဲ ကြည့်နေရတာပေါ့၊ တာလေရဲ့ မူးယစ်ဆေးသုံးစွဲမှု အခြေအနေကတော့ ဆိုးတယ်။"ဟု တလောမြို့နေ အမည်မဖော်လိုသည့် စစ်မှုထမ်းဟောင်းတစ်ဦးက ဆိုသည်။

တာလေမြို့၏ လူဦးရေမှာ ၂၀၁၉ခုနှစ် စက်တင်ဘာလအထိ လူဦးရေ (၃၀,၀၀၀)ဝန်းကျင်ရာ ကျေးရွာအုပ်စုများတွင် နေထိုင်သည့် အရေအတွက်က ပိုများသည်။