တာချီလိတ် - မယ်ဆိုင် ကုန်တင်ယာဉ်မောင်းများ တစ်ဖက်နိုင်ငံတွင် ကြုံရသည့်အခက်အခဲများ တင်ပြရာတွင် ဖြစ်စဉ်မှန်အတိုင်း တင်ပြပေးရန် ခရိုင်အုပ်ချုပ်ရေးမှူး တိုက်တွန်း

တာချီလိတ် - မယ်ဆိုင် ကုန်တင်ယာဉ်မောင်းများ တစ်ဖက်နိုင်ငံတွင် ကြုံရသည့်အခက်အခဲများ တင်ပြရာတွင် ဖြစ်စဉ်မှန်အတိုင်း တင်ပြပေးရန် ခရိုင်အုပ်ချုပ်ရေးမှူး တိုက်တွန်း
အောက်တိုဘာ 26, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင် ကုန်တင်ယာဉ်မောင်းများ တစ်ဖက်နိုင်ငံတွင် ကြုံရသည့်အခက်အခဲများ တင်ပြရာတွင် ဖြစ်စဉ်မှန်အတိုင်း တင်ပြပေးရန် ခရိုင်အုပ်ချုပ်ရေးမှူး တိုက်တွန်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား ကုန်ပစ္စည်းတင်ဆောင်သည့် ယာဉ်မောင်းများအနေဖြင့် တစ်ဖက်နိုင်ငံတွင် အခက်အခဲကြုံတွေ့ရခြင်းအား ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် တင်ပြရာ၌ ဖြစ်စဉ်မှန်ကိုသာ တင်ပြပေးကြရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်းပြောကြားသည်။
"ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်စဉ်တစ်ခုမှာ ကားသမားတစ်ယောက်က ကျွန်တော်တို့ကို လာပြောတယ်။ သူ့အသီးအရွက်ကားကို ပိုက်ဆံ ဘတ် (၂,၀၀၀) ကျော်ကောက်တယ်။ (၃,၀၀၀) ကျော်ကောက်တယ်ဆိုပြီးတော့ လာပြောပါတယ်။ အဲဒါနဲ့ ချက်ချင်းထိုင်းဘက်ကို စုံစမ်းမေးမြန်းတဲ့အချိန်မှာ တကယ့်ဖြစ်စဉ်က အဲဒီအသီးအရွက်အောက်မှာ အသား၊ ငါးတွေထည့်ပြီး သယ်လာတယ်။ အသီးအရွက်ကားလို့ပြောပြီး အောက်မှာ အသား၊ ငါးတွေ ပါလာတဲ့အတွက် ထိုင်းဘက်ခြမ်းက အသား၊ ငါးအတွက် ဈေးပိုကောက်လိုက်တဲ့အချိန်မှာ ပေးခဲ့ရတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကို ပြန်တင်ပြတဲ့အချိန်ကျတော့ အသီးအရွက်ကားကို ပိုက်ဆံအများကြီးကောက်တယ်ပြောတော့ ကျွန်တော်တို့ကိုတင်ပြတာက မမှန်ဘူးလို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံသားတွေ ကုန်စည်ကူးသန်းတဲ့အချိန်မှာ ကိုယ်လည်းမှန်မှန်ကန်ကန်လုပ်ပေး။ အခက်အခဲရှိတဲ့အချိန်တိုင်းမှာ  ကျွန်တော်တို့ကို  မှန်မှန်ကန်ကန်နဲ့ တင်ပြပေးပါ" ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါအခြေအနေကြောင့် တာချီလိတ်နှင့် မယ်ဆိုင်ကြား တစ်နိုင်တစ်ပိုင်ကုန်သယ်ခွင့်ပေးထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကို ၂၀၂၀ ခုနှစ် မတ်လ (၂၃) ရက်နေ့မှစ၍ ပိတ်ထားပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှုတံတားဖြစ်သည့် အမှတ်(၂)တံတားတွင် တစ်နိုင်တစ်ပိုင်ကုန်စည်များကို ယာယီသယ်ယူခွင့်ပြုရာ၌ ထိုင်းနိုင်ငံဘက်တွင် အခွန်ပေးဆောင်ရမှု သက်သာစေရန် ညှိနှိုင်းပေးထားခြင်းဖြစ်သော်လည်း တစ်ဖက်နိုင်ငံ၏ ဥပဒေကိုလည်း လိုက်နာကြရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်းသည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံဘက်မှာ အခွန်ပေးဆောင်ကြတဲ့အချိန်ကျတော့ ကိုယ်ဘာအတွက် ဘယ်လောက်ပေးဆောင်ရသလဲ။ ရှင်းရှင်းလင်းလင်းသိအောင်လုပ်ဖို့ လိုပါတယ်။ ကိုယ်သယ်လာတဲ့ပစ္စည်းသည် အသား၊ ငါးလား၊ အသီးအရွက်လား၊ အသား၊ ငါးနဲ့ အသီးအရွက်ရောထားတာလား၊ အခွန်ဘယ်လောက်ဆောင်ရမလဲဆိုတာ တစ်ဖက် Custom တွေနဲ့ ညှိနှိုင်းပြောဆိုပြီးတော့ အခွန်ဆောင်ဖို့လိုပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။  
ယခင်က မယ်ဆိုင်ဘက်မှ အသီးအရွက်တင်ဆောင်သည့် မှန်လုံမော်တော်ယာဉ်တစ်စီးကို ဘတ် (၇,၀၀၀) နီးပါး၊ အသားငါးတင်ဆောင်သည့် မှန်လုံမော်တော်ယာဉ်တစ်စီးကို ဘတ် (၁၁,၀၀၀) နီးပါးကောက်ယူခဲ့သော်လည်း နှစ်နိုင်ငံညှိနှိုင်းပြီးနောက် အသီးအရွက်များအတွက် ဘတ် (၁,၀၀၀)၊ အသားငါးများအတွက် ဘတ် (၂,၅၀၀) ခန့်သာကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~