ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဒရုန်းဖျက် လက်နက်နှင့်အတူ မြန်မာ (၂) ဦးကို ဖမ်းဆီးထား

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဒရုန်းဖျက် လက်နက်နှင့်အတူ မြန်မာ (၂) ဦးကို ဖမ်းဆီးထား

 စစ်ပွဲဖြစ်ပွားနေသော အိမ်နီးချင်း မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုရန် ရည်ရွယ်ထားသည့်   ဒရုန်းဖျက် လက်နက်(anti-drone jammer  )တစ်ခုနှင့်အတူ မြန်မာနိုင်ငံသား (၂) ဦးကို ထိုင်း - မြန်မာ နယ်စပ်ဒေသ ထိုင်းနိုင်ငံ မဲဆောက်တွင် ထိုင်းရဲက ဖမ်းဆီးထားကြောင်း  မဲဆောက်ရဲတပ်ဖွဲ့က ၂၀၂၄ ခုနှစ်မတ်လ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မြန်မာနိုင်ငံရှိ လိပ်စာတစ်ခုသို့ anti-drone jammer ပို့ဆောင်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ သတင်းရရှိပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း တာ့ခ် အခြေစိုက် Ratchamanu Task Force ၏ တပ်မှူး ဗိုလ်မှူးကြီး Nattakorn Rueantip က ပြောသည်။ 

ထိုင်းရဲတပ်ဖွဲ့က အဆိုပါပစ္စည်းများနှင့် ပတ်သက်ပြီး ပို့ဆောင်သူများကို ပို့ဆောင်ရေး ပြဿနာများကြောင့် ပါဆယ်ထုပ် ပြန်လာယူရန်အတွက် ပို့ဆောင်ရေးဝန်ဆောင်မှုနေရာသို့ လာရောက် ဆက်သွယ်ပေးရန် အသွင်ယူ လှည့်ဖျား လိမ်လည် ဆက်သွယ်လိုက်ပြီးနောက် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား(၂)ဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ anti-drone jammer ကို သိမ်းဆည်းပြီး မြန်မာနိုင်ငံသား (၂)ဦးကို  လက်နက်ထိန်းချုပ်ရေးဥပဒေအရ ခွင့်ပြုချက်မရှိဘဲ လက်နက်ပိုင်ဆိုင်မှုဖြင့် လက်နက်ထိန်းချုပ်ရေးအက်ဥပဒေ  B.E. 2530 (1987) အရ မဲဆောက်ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ အနေဖြင့် မိမိ၏ ပိုင်နက် နယ်မြေအား လက်နက်များ စုဆောင်းရန် သို့မဟုတ် လက်နက်များ သယ်ယူပို့ဆောင်ရန် လမ်းကြောင်းအဖြစ် အသုံးပြုခွင့် မပေးကြောင်း ဗိုလ်မှူးကြီး Nattakorn က ပြောသည်။ 

ထို့အပြင် ယခု အမှုကိစ္စနှင့် ဆက်စပ်၍  အခြား ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု တိုးချဲ့လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။

 

Source: Bangkok Post

Photo: แม่สอด มีเดีย