ကိုယ်အလေးချိန် ထက်ဝက်ကျော် လျှော့ချပြရန် ကြိုးပမ်းခဲ့သည့် တရုတ်ဆိုရှယ်မီဒီယာ ကျော်ကြားသူတစ်ဦး သေဆုံး

ကိုယ်အလေးချိန် ထက်ဝက်ကျော် လျှော့ချပြရန် ကြိုးပမ်းခဲ့သည့် တရုတ်ဆိုရှယ်မီဒီယာ ကျော်ကြားသူတစ်ဦး သေဆုံး
By Mr John

တရုတ်နိုင်ငံမှ ဆိုရှယ်မီဒီယာတွင် ကျော်ကြားသူ အင်တာနက် ဆယ်လီတစ်ဦးက  ကိုယ်အလေးချိန်ကို ထက်ဝက်ကျော် လျှော့ချရန် ကြိုးပမ်းရင်း သေဆုံးသွားကြောင်း သိရသည်။ 

အဆိုပါ အင်တာနက် ဆယ်လီ အမျိုးသမီးမှာ တရုတ်အနောက်မြောက်ပိုင်းရှိ ကိုယ်အလေးချိန်လျှော့ချရေး စခန်းတစ်ခုတွင် တက်ရောက်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Cuihua အမည်ဖြင့် တရုတ်ဆိုရှယ်မီဒီယာတွင် ကျော်ကြားသူ အသက် (၂၁) နှစ်အရွယ် အမျိုးသမီး သေဆုံးမှုဖြစ်ပွားပြီးနောက် ကိုယ်အလေးချိန်လျှော့ချရေးလေ့ကျင့်ရာနေရာများတွင် ဘေးအန္တရာယ်ကင်းစေရေးနှင့် အမျိုသမီးများအနေဖြင့် အလှအပ စံနှုန်းသတ်မှတ်ချက်များကြောင့် ဖိအားမဖြစ်စေရေး သတိပြုကြရန် တရုတ်အစိုးရမီဒီယာက သတိပေးလာခဲ့သည်။

ထို့အပြင် မေလလယ်ပိုင်းကလည်း တရုတ်ဆိုရှယ်မီဒီယာတွင် ယမကာလူငယ်အဖြစ် လူသိများ ကျော်ကြားသူ အမျိုးသားတစ်ဦးမှာ အခြား ဆိုရှယ်မီဒီယာ ကျော်ကြားသူတစ်ဦးနှင့်အတူ အပြင်းစား အရက်ပုလင်းများကို တစ်လုံးပြီးတစ်လုံး အပြိုင်သောက်ပြခဲ့ရာမှ သေဆုံးသွားခဲ့သည်။

ကိုယ်အလေးချိန် လျှော့ချပြရန် ကြိုးပမ်းရင်း သေဆုံးသွားသည့် Cuihua က သူမ၏ ကြိုးပမ်းမှုများကို မှတ်တမ်းတင်ထားပြီး တရုတ်ဗားရှင်း TikTok ဖြစ်သည့် Douyin ပေါ်တွင် သူမ၏ ထောင်ပေါင်းများစွာသော follower ကို မျှဝေခဲ့ပြီး အဝလွန်မှု လျှော့ချရန် အားပေးခဲ့ကြောင်း သိရသည်။

Cuihua မှာ ကိုယ်အလေးချိန် (၃၄၄) ပေါင်ရှိသူဖြစ်ပြီး ပေါင် (၂၂၀) ကို လျှော့ချပစ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Source: CNN