ဗီယက်နိုင်ငံသို့ (၄) လအတွင်း ပြည်ပခရီးသွား (၃.၇) သန်း ဝင်ရောက်

ဗီယက်နိုင်ငံသို့ (၄) လအတွင်း ပြည်ပခရီးသွား (၃.၇) သန်း ဝင်ရောက်
By Mr John

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၃ ခုနှစ်၏ ပထမ (၄) လအတွင်း ပြည်ပခရီးသွား (၃.၇) သန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း ဗီယက်နမ်ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ Vietnam National Administration of Tourism (VNAT) ၏ စာရင်းများအရ သိရှိရသည်။ 

ထိုကာလအတွင်း ဗီယက်နမ်တွင် ပြည်တွင်းခရီးသွား အရေအတွက်မှာ ခန့်မှန်းခြေ (၃၈) သန်းရှိခဲ့သည်။

ခရီးသွားများထံမှ ဗီယက်နမ်ဒေါင် (၁၉၆.၆) ထရီလီယံ (အမေရိကန်ဒေါ်လာ ၈.၃ ဘီလီယံ) ဝင်ငွေရရှိခဲ့သည်ဟု ခန့်မှန်းထားသည်။ 

လေယာဥ်ခရီးစဥ်ဖြင့် ခရီးသွားအရေအတွက် (၈၈.၇) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ကားလမ်းခရီးတွင် (၁၀.၁) ရာခိုင်နှုန်းနှင့် ရေလမ်းကြောင်းခရီးတွင် (၁.၂) ရာခိုင်နှုန်း ခရီးသွားလာမှုများ အသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဧပြီလ တစ်လတည်းမှာပင် ဗီယက်နမ်သို့ နိုင်ငံတကာမှ ခရီးသွား (၉၈၄,၀၀၀) ဝင်ရောက်ခဲ့ပြီး  မတ်လကထက် (၉.၉) မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ 

မတ်လအတွင်း ဗီယက်နမ်တွင် ပြည်တွင်းခရီးသွား (၁၀.၅) သန်းရှိခဲ့သည်။

၂၀၂၃ ခုနှစ် ပထမ (၄) လအတွင်း ဗီယက်နမ်သို့ လာရောက်သည့် ပြည်ပခရီးသွားများတွင် တောင်ကိုရီးယားနိုင်ငံမှ အများဆုံးဖြစ်ပြီး ခရီးသွား (၁) သန်း လာရောက်ခဲ့ကြသည်။

ထို (၄) လအတွင်း တောင်ကိုရီးယားပြီးလျှင် အမေရိကန်က ခရီးသွား (၂၆၃,၀၀၀) နှင့် တရုတ်က ခရီးသွား (၂၅၂,၀၀၀) တို့ဖြင့် ဗီယက်နမ်သို့ ခရီးသွားအများဆုံး လာရောက်သည့် နိုင်ငံများအဖြစ် ရပ်တည်နေသည်။ 

ဧပြီလအတွင်း ဗီယက်နမ်သို့ တရုတ်ခရီးသွား (၁၁၂,၀၀၀) ဝင်ရောက်ခဲ့ပြီး မတ်လကထက် (၆၁.၅) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း တရုတ်အစိုးရက မတ်လ (၁၅) ရက်နေ့တွင် နယ်စပ်များပြန်ဖွင့်လိုက်ခြင်းကြောင်း ခရီးသွားအရေအတွက် တိုးလာခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ခရီးသွားထံမှ တည်းခိုနေထိုင်မှုနှင့် စားသောက်မှု ဝန်ဆောင်မှုကဏ္ဍမှ ဝင်ငွေမှာ ခန့်မှန်းခြေအားဖြင့် ဗီယက်နမ်ဒေါင် (၂၁၄.၈) ထရီလီယံ ဖြစ်ပြီး ယမန်နှစ်ကထက် (၂၅) ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ 

ဗီယက်နမ်တွင် ယခုနှစ်အစောပိုင်းလများအတွင်း ယဥ်ကျေးမှုဆိုင်ရာနှင့် ခရီးသွားလုပ်ငန်း လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့မှုနှင့်အတူ ခရီးသွားလုပ်ငန်းဝင်ငွေမှာ ခန့်မှန်းခြေ ဗီယက်နမ်ဒေါင် (၉.၁) ထရီလီယံရှိခဲ့ရာ ၂၀၂၂ ခုနှစ်၏ အချိန်ကာလတူကထက် (၂.၁) ဆနီးပါး မြင့်တက်ခဲ့သည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်က ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွား (၈) သန်း အပါအဝင် ခရီးသွား သန်း (၁၁၀) ရှိလာစေရန်နှင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဗီယက်နမ်ဒေါင် (၆၅၀) ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇.၆ ဘီလီယံ) ဝန်းကျင် ရရှိနိုင်ရန် ရည်မှန်းထားသည်။ 

ဗီယက်နမ်တွင် ရိုက်ကူးခဲ့ပြီး Netflix က ထုတ်လွှင့်ပြသခဲ့သော "A Tourist's Guide to Love" ရုပ်ရှင်ဇာတ်ကားက ကမ္ဘာတဝန်း ရုပ်ရှင်ကြည့်ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း VNAT က ဆိုသည်။ 

ထိုဇာတ်ကားတွင် အဓိက ခရီးသွားနေရာ (၆) ခုဖြစ်သည့် ဟနွိုင်း၊ ဟိုချီမင်း၊ ဒါနန်း၊ ဟွာအင်း၊ My Son (Quang Nam) နှင့် Ha Giang တို့ရှိ ဗီယက်နမ်ပြည်သူများနှင့် ယဥ်ကျေးမှု အလှအပများကို ဒေသရှုခင်းအလှများနှင့်အတူ ပုံဖော်ရိုက်ကူးထားသည်။ 

"A Tourist's Guide to Love" ဇာတ်ကားကို ကြည့်ရှုသူ (၁၃.၄) သန်းရှိခဲ့ပြီး Netflix တွင် ကမ္ဘာတဝန်း ကြည့်ရှုမှုအများဆုံး တတိယမြောက် ဇာတ်ကားဖြစ်ခဲ့သည်။

Source: AsiaNewsNetwork