Covid-19 ကြောင့် သေဆုံးသူ (၂၀)ကျော် တိုးလာပြီးနောက် ရောဂါကူးစက်မှုကြောင့် နိုင်ငံကို ကသောင်းကနင်းဖြစ်စေသည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ဆို

Covid-19 ကြောင့် သေဆုံးသူ (၂၀)ကျော် တိုးလာပြီးနောက် ရောဂါကူးစက်မှုကြောင့် နိုင်ငံကို ကသောင်းကနင်းဖြစ်စေသည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ဆို
By Mr John

COVID-19 ကူးစက်ခံရသူ (၂၁) ဦး ထပ်မံသေဆုံးပြီးနောက် ရောဂါပျံ့နှံ့နေမှုက နိုင်ငံကို ကသောင်းကနင်းအခြေအနေ ဖြစ်စေကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ၂၀၂၂ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ပြောကြားလိုက်သည်။ 



၂၀၂၀ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ပျံ့နှံ့ပြီး ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့ရသည့် COVID 19 ကူးစက်မှုကို မြောက်ကိုရီးယားက နိုင်ငံအတွင်း တွေ့နေရပြီဟု ယခုနှစ် မေလ (၁၂) ရက်နေ့မှသာ ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖျားနာနေသူ သိန်းနှင့်ချီရှိကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားတွင် ဧပြီလနှောင်းပိုင်းမှစပြီး နိုင်ငံတဝန်း ဖျားနာနေသူ ၂၈၀,၈၁၀ ကုသမှုခံယူနေရပြီး ၎င်းတို့အနက် (၂၇) ဦး သေဆုံးခဲ့ကြောင်းနှင့် အာဏာရ အလုပ်သမားပါတီက  COVID-19 ကိစ္စ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း အစိုးရသတင်းဌာန KCNA က ဆိုသည်။

 "ဒုက္ခပေးတဲ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုက ကျနော်တို့နိုင်ငံကို စတင်တည်ထောင်ခဲ့ချိန်နောက်ပိုင်း ကြီးမားတဲ့ ကသောင်းကနင်းအခြေအနေ ရောက်စေခဲ့တယ်" ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အရေးပေါ်အစည်းအဝေးတွင် ပြောခဲ့ကြောင်း KCNA က ကိုးကားဖော်ပြသည်။

KCNA က မေလ (၁၃) ရက်တွင် သတင်းထုတ်ပြန်ရာတွင်မူ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပြီး မြောက်ကိုရီးယားက တရားဝင်ထုတ်ပြန်မှုအရ ဧပြီလနှောင်းပိုင်းမှစပြီး မေလ (၁၃) ရက်နေ့တွင် နောက်ထပ်တိုးလာသူ ၁၇၄,၄၄၀ အပါအဝင် တစ်နိုင်ငံလုံးတွင် လူဦးရေ ၅၂၄,၄၄၀ ဖျားနာနေကြောင်း သိရသည်။

သို့သော် လူဦးရေမည်မျှကို စစ်ဆေးမှုလုပ်ခဲ့ကြောင်းနှင့် COIVD-19 အတည်ပြုလူနာအရေအတွက် မည်မျှတွေ့ရှိရကြောင်း KCNA က မဖော်ပြခဲ့သော်လည်း မြောက်ကိုရီးယားတွင် ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်း လုပ်ခဲ့သူ Harvard Medical School မှ Kee Park ၏အဆိုအရ တစ်ပတ်လျှင် လူ ၁,၄၀၀ ခန့်ကို COVID-19 စစ်ဆေးနေကြောင်း သိရသည်။

မြောက်ကိုရီးယား၏ လူဦးရေ (၂၅) သန်းမှာ ကာကွယ်ဆေးထိုးထားခြင်းမရှိဘဲ ကျန်းမာရေးစောင့်‌ရှောက်မှု ညံ့ဖျင်းမှုတို့ကြောင့် ကူးစက်လွယ်သူများပြားသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

ယမန်နှစ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက AstraZeneca နှင့် တရုတ်ထုတ် Sinovac ကာကွယ်ဆေး သန်းနှင့်ချီ ပေးအပ်မည့်ကမ်းလှမ်းမှုများကို မြောက်ကိုရီးယားအာဏာပိုင်များက ငြင်းပယ်ထားခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် ဇွန်လအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က COVID-19 နှင့် ပတ်သက်ပြီး အစိုးရ ထိပ်တန်းအရာရှိများကို သတိပေးခဲ့ဖူးကြောင်း KCNA က ပြောခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖေါ်ပြောကြားခြင်းမရှိသည်ကို တွေ့ရသည်။

စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် စစ်သားများလည်း ပါဝင်ခဲ့ရာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းထားသည့် လက္ခဏာအဖြစ် လေ့လာသူအချို့က ယူဆခဲ့ကြသည်။

Source: BBC, Reuters