ချင်းပြည်နယ် ဟားခါးတွင် အကျဉ်းထောင် ဆောက်လုပ်ပေးရန် လွှတ်တော်တွင် တောင်းဆို

ချင်းပြည်နယ် ဟားခါးတွင် အကျဉ်းထောင် ဆောက်လုပ်ပေးရန် လွှတ်တော်တွင် တောင်းဆို
နိုဝင်ဘာ 29, 2019
By Tachileik News Agency

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကျဉ်းထောင်ဆောက်လုပ်ပေးနိုင်ရန်အတွက် အမျိုးသားလွှတ်တော်တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့တွင် ချင်းပြည်နယ် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းလိုက်သည်။

အကျဉ်းထောင် နှင့် ပတ်သက်၍ (ခ)အဆင့် အကျဉ်းထောင်သစ် (၁) ခုတည်ဆောက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် ခန့်မှန်းဘဏ္ဍာငွေ သန်း(၆၀၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး တစ်ဆက်တစ်စပ်တည်း ပြန့်ပြူးမြေဧက(၅၀)ခန့် လိုအပ်ခြင်း၊ သောက်ရေ၊ သုံးရေ လုံလောက်အောင်ထွက်ရှိနိုင်သည့် မြေနေရာဖြစ်ရန် လိုအပ်ခြင်း၊ အကျဉ်းသား (၅၀၀)ဦးခန့် ကျွေးမွေးနိုင်ရန်အတွက် စိုက်ပျိုးမြေလိုအပ်ခြင်း၊ အချုပ်သားတရားရုံး၊ တရားထွက် အဆင်ပြေစေရန်အတွက် မြေနေရာလိုအပ်ခြင်း၊ ဆေးရုံတင်ပို့ခြင်း၊ အခြားအုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် မြို့နှင့် (၄)မိုင် (၅)မိုင်ခန့်အတွင်း ရှိရန်လိုအပ်ခြင်း၊ လုံခြုံရေးကောင်းမွန်သည့် နေရာဖြစ်ရန်လိုအပ်ခြင်း၊ တပ်မတော်တပ်ရင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများနှင့် နီးစပ်သည့်နေရာဖြစ်ရန် လိုအပ်ခြင်းတို့ကြောင့် အဆိုပါအချက်များဖြင့် ပြည့်စုံသည့် နေရာရရှိရေးကို ချင်းပြည်နယ်အစိုးရဖြင့် ညှိနှိုင်းရှာဖွေရန် လိုအပ်သဖြင့် လတ်တလောတွင် ခွင့်ပြုပေးနိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖြေကြားသည်။

အကျဉ်းထောင်သစ်တည်ဆောက်ခြင်းအား လတ်တလောအခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း အကျဉ်းဦးစီးဌာနအနေဖြင့် ချင်းပြည်နယ်အတွင်း ပြည်နယ်ဦးစီးမှူးရုံး(၁)ရုံးနှင့် ဟားခါးအကျဉ်းထောင်သစ်အား ဖွဲ့စည်းပုံအရ ဖွင့်လှစ်ရန် ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်ကြောင်း ဒုဝန်ကြီးက ဖြေကြားသည်။

ချင်းပြည်နယ်အတွင်း မင်းတပ်ခရိုင်တရားရုံး၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ စသည့် မြို့နယ်တရားရုံးများမှ ပြစ်ဒဏ်ကျတရားခံများကို လက်ရှိအခြေအနေတွင် အဆိုပါ မြို့နယ်များနှင့် နီးပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူသည့် ပခုက္ကူအကျဉ်းထောင်သို့ အကျဉ်းသားများ ပို့ဆောင်ရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး မှ သတ်မှတ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~