တရုတ်သမ္မတရှီကျင့်ဖျင် ဆော်ဒီသို့ လာရောက်မည်ဖြစ်ပြီး တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးတက်မည်ဟုဆို

တရုတ်သမ္မတရှီကျင့်ဖျင် ဆော်ဒီသို့ လာရောက်မည်ဖြစ်ပြီး တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးတက်မည်ဟုဆို
ဒီဇင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်သမ္မတရှီကျင့်ဖျင်က အာရပ်ခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးအတွက် ဆော်ဒီအာရေဗီးယားနိုင်ငံသို့ (၂) ရက်ကြာ ခရီးစဥ်အဖြစ် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ရောက်ရှိလာမည်ဟု ထိုခရီးစဥ်ကို သိရှိထားသည့် သတင်းရင်းမြစ်တစ်ခု၊ အာရပ်သံတမန် သတင်းရင်းမြစ်တစ်ခုနှင့် အကြီးတန်း အာရပ်အရာရှိ (၂) ဦးတို့၏ ပြောကြားမှုအရ သိရှိရကြောင်း CNN သတင်းက ဖော်ပြသည်။

Reuters သတင်းတွင်မူ ရှီကျင့်ဖျင်က ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဆော်ဒီသို့ ရောက်ရှိမည်ဟု သံတမန် (၂) ဦးနှင့် ထိုခရီးစဥ်အကြောင်း သိရှိထားသည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံနှင့် (တရုတ်နှင့်ဆော်ဒီ) နှစ်နိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်နေစဥ် ရှီကျင့်ဖျင်၏ အာရပ်ကမ္ဘာသို့ ခရီးစဥ်ရှိလာခြင်းလည်း ဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က အာရပ်ကမ္ဘာသို့ စည်းရုံးရေးဆင်းသည့် ခရီးစဥ်ဟု ဆိုနိုင်သော ဆော်ဒီခရီးစဥ်အတွင်း တရုတ် - အာရပ် ထိပ်သီးအစည်းအဝေးနှင့် တရုတ်-ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ Gulf Cooperation Council (GCC) တွေ့ဆုံဆွေးနွေးပွဲတို့ကို တက်ရောက်မည်ဟု ဆိုသည်။ 

တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာလ (၉) ရက်နေ့တွင် ဆော်ဒီ၌ ကျင်းပပြုလုပ်ရန် စီစဥ်ထားသည်။

တရုတ်-အာရပ် ထိပ်သီအစည်းအဝေးကို အနည်းဆုံး အာရပ်နိုင်ငံ (၁၄) ခုမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်ကြဖွယ်ရှိကြောင်း အာရပ်သံတမန် သတင်းရင်းမြစ်က ပြောသည်။ 

၎င်းက ရှီကျင့်ဖျင်၏ ယခုခရီးစဥ်ကို အာရပ်-တရုတ် ဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင်တစ်ခုအဖြစ်လည်း ညွှန်းဆိုခဲ့သည်။ 

ထိုသတင်းရင်းမြစ်က မီဒီယာသို့ ပြောဆိုခွင့် မရှိသူဖြစ်ရာ ၎င်း၏အမည်ကိုမူ ထုတ်ဖော်မပြောခဲ့ဟု ဆိုသည်။

အမေရိကန်၏ အရှေ့အလယ်ပိုင်းဒေသမှ အင်အားအကြီးဆုံး မဟာမိတ်ဖြစ်သည့် ဆော်ဒီသို့ တရုတ်သမ္မတရှီကျင့်ဖျင် လာရောက်မည်ဟု ခန့်မှန်းသတင်းများ လနှင့်ချီကြာ ထွက်ပေါ်နေခဲ့သော်လည်း ဆော်ဒီနှင့်တရုတ် အစိုးရနှစ်ရပ်လုံးက အတည်ပြုထားခြင်း မရှိခဲ့ပေ။ 

တရုတ်အစိုးရက ဒီဇင်ဘာလ (၆) ရက်နေ့အထိ သမ္မတရှီကျင့်ဖျင်၏ ဆော်ဒီခရီးစဥ်ကို တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ရှီကျင့်ဖျင်၏ ဆော်ဒီခရီးစဥ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ပြောခွင့်ရအမျိုးသမီး Mao Ning က ထိုမေးခွန်းကို ဖြေကြားပေးရန် သတင်းအချက်အလက်မရှိကြောင်း ပြောခဲ့သည်။ 

ဆော်ဒီအစိုးရကလည်း CNN သတင်းဌာနက တရုတ်သမ္မတရှီကျင့်ဖျင်၏ ခရီးစဥ်နှင့်ပတ်သက်၍ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

Source: CNN, Reuters