ရုရှား၏ ကျူးကျော်စစ်အတွင်း အမေရိကန်အစိုးရအဖွဲ့ နှင့် ယူကရိန်းသမ္မတ ပထမဆုံး တွေ့ဆုံ၊ စစ်ရေးအကူအညီ ထပ်ပေးမည်ဟု အမေရိကန် ကတိပြု

 အမေရိကန်အစိုးရအဖွဲ့ဝင်များ နှင့် ယူကရိန်း သမ္မတ ပထမဆုံးအကြိမ် တရားဝင်တွေ့ [ Photo: U.S. Department of State  ]
အမေရိကန်အစိုးရအဖွဲ့ဝင်များ နှင့် ယူကရိန်း သမ္မတ ပထမဆုံးအကြိမ် တရားဝင်တွေ့ [ Photo: U.S. Department of State ]
ရုရှား၏ ကျူးကျော်စစ်အတွင်း အမေရိကန်အစိုးရအဖွဲ့ နှင့် ယူကရိန်းသမ္မတ ပထမဆုံး တွေ့ဆုံ၊ စစ်ရေးအကူအညီ ထပ်ပေးမည်ဟု အမေရိကန် ကတိပြု
By Mr John

ရုရှား၏ ကျူးကျော်မှု နှစ်လကြာခဲ့ပြီးနောက် အမေရိကန်အစိုးရအဖွဲ့ဝင်များ ယူကရိန်းသို့ ပထမဆုံးအကြိမ် တရားဝင် လာရောက်ခဲ့ကြပြီး အဆင့်မြင့်လက်နက်များ အပါအဝင် နောက်ထပ် စစ်ရေးအကူအညီပေးရန်နှင့် ယူကရိန်းတွင် အမေရိကန်သံတမန်များ ပြန်လည်ထားရှိရန် ကတိပြုခဲ့ကြသည်။

အနောက်အုပ်စု၏ အားပေးထောက်ခံမှုကို ပြသရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့သည်  ပိုလန်နိုင်ငံမှတစ်ဆင့် ရထားခရီးစဥ်ဖြင့် ယူကရိန်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဧပြီ (၂၄) ရက် နှောင်းပိုင်းတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်းစကီးနှင့် အခြား ထိပ်တန်းအရာရှိများကို တွေ့ဆုံခဲ့ကြသည်။  



ယူကရိန်းနှင့် နောက်ထပ် ရုရှားရန်လိုမှုကို စိုးရိမ်ပူပန်နေသည့် ဒေသတွင်း အခြားနိုင်ငံများအတွက် ဒေါ်လာ (၇၁၃) သန်း အကူအညီအသစ် ပေးအပ်သွားရန် အမေရိကန်အစိုးရအဖွဲ့က ကတိပြုထားကြောင်း ဘလင်ကန်နှင့် အော်စတင်တို့က ပြောသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် ယူကရိန်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုမှာ သုံးနာရီကြာခဲ့ပြီး မျှော်မှန်းထားခဲ့သည့်အချိန်ထက် နှစ်ဆကျော် ပိုမိုကြာမြင့်ခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက ဆိုသည်။



ဘလင်ကန်နှင့် အော်စတင်တို့ မလာရောက်မီတွင် ယူကရိန်းအစိုးရအရာရှိတွေက ဒုံးခွင်း ဒုံးစနစ်များ၊ လေယာဥ်ပစ်လက်နက်စနစ်များ၊ သံချပ်ကာယာဥ်နှင့် တင့်ကားများကဲ့သို့ အမေရိကန်ထံမှ အရေတကြီးလိုအပ်နေသည့် လက်နက်များစာရင်းကို ပြုစုထားကြောင်း သမ္မတဇီလန်းစကီး၏ လက်ထောက် Igor Zhovkva က NBC News သတင်းဌာနကို ဧပြီ (၂၄) ရက်တွင် ပြောခဲ့သည်။



အမေရိကန်နှင့် NATO မဟာမိတ်အုပ်စုက ယူကရိန်းကို ပိုမိုကြီးမားသည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် ပိုမိုအဆင့်မြင့်သည့် လက်နက်စနစ်များ ထောက်ပံ့သွားရန် အသင့်ရှိနေကြောင်း ထုတ်ဖော်ပြောလာကြသည်။

ဗြိတိန်ကလည်း ယူကရိန်းအတွက် စစ်သုံးယာဥ်များ ပေးပို့မည်ဟု ကတိပြုထားသည်။

ထို့အတူ ပိုလန်ကို ဗြိတိသျှတင့်ကားများ ထောက်ပံ့ပေးကာ ပိုလန်၏ ရုရှားထုတ် T-72 တင့်ကားများကို ယူကရိန်းအတွက် ပေးပို့နိုင်ရန် ဗြိတိန်က စဥ်းစားနေသည်ဟု ဆိုသည်။

ဗြိတိန်၏ အားပေးထောက်ခံမှုကို ပြသသည့်အနေဖြင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဧပြီ (၉) ရက်တွင် ယူကရိန်းသို့သွားရောက်ပြီး သမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးနှင့် တွေ့ဆုံခဲ့သေးသည်။



ရုရှားက ယူကရိန်းကို ဖေဖေါ်ဝါရီ (၂၄) ရက်တွင် စတင်ကျူးကျော်ခဲ့ပြီးနောက် အဓိက မြို့ကြီးများကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ ကိဗ်မြို့တော်ကိုလည်း မသိမ်းပိုက်နိုင်ခဲ့ပေ။

ယခုအခါ ရုရှားတပ်ဖွဲ့တွေက ယူကရိန်း တောင်ပိုင်းနှင့် အရှေ့ပိုင်းကို အာရုံစိုက်ထားပြီး ထိုးစစ်ဆင်နေခဲ့သည်။

ရုရှားက ၎င်း၏ အထူးစစ်ဆင်ရေးဟု ရည်ညွန်းထားသည့် ယူကရိန်းကို ကျူးကျော်မှုတွင် အရှေ့ပိုင်းရှိ ဒွန်ဘတ်စ်ဒေသနှင့် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ရန် စီစဥ်ထားကြောင်း ရုရှားစစ်တပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ပြောထားသည်။



Source: Reuters

Photo: U.S. Department of State