ရှမ်း(ရှေ့)တွင် မိုင်းဆတ်အကျဉ်းထောင်က အကျဉ်းသားများကို အထူးလျှော့ရက်များ ခံစားခွင့်ပေးနေသော်လည်း ကျိုင်းတုံအကျဉ်းထောင်က ဘာသတင်းမှ မကြားရ

ရှမ်း(ရှေ့)တွင် မိုင်းဆတ်အကျဉ်းထောင်က အကျဉ်းသားများကို အထူးလျှော့ရက်များ ခံစားခွင့်ပေးနေသော်လည်း ကျိုင်းတုံအကျဉ်းထောင်က ဘာသတင်းမှ မကြားရ
ဒီဇင်ဘာ 31, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ အကျဉ်းထောင်(၂)ခုအနက် မိုင်းဆတ်အကျဉ်းထောင်က ပြစ်ဒဏ်ကျ အကျဉ်းသားများကို ဒေသအာဏာပိုင်များက အထူးလျှော့ရက် ခံစားခွင့်များ ပြုနေသော်လည်း ကျိုင်းတုံအကျဉ်းထောင်တွင် လျှော့ရက်ခံစားခွင့် ပြု မဟုတ်ပြုကို မကြားသိရကြောင်း ဒေသခံများထံက ဆိုသည်။

"မိုင်းဆတ်မှာတော့ အထူးလျှော့ရက်ခံစားခွင့်ပေးတာတွေ ကြားရတယ်။ ကျွန်တော်တို့မြို့မှာရှိတဲ့ ကျိုင်းတုံအကျဉ်းထောင်မှာတော့ အထူးလျှော့ရက်ခံစားခွင့်ပေးလား မပေးလားဆိုတာကို ကြားလဲ မကြားရဘူး။ သိလည်း မသိရဘူး။ အထဲက လူတွေကလည်း ဒီလိုမျိုးတွေကို မျှော်လင့်ကြတာလေ။ ဘယ်သတင်းမှ မတက်လာတော့ မသိရဘူး။ မိုင်းဆတ်လို မရှိဘူးဆိုလည်း ကျိုင်းတုံအကျဉ်းထောင်အနေနဲ့ အကျဉ်းသားတွေကို စိစစ်ပြီး လျှော့ရက်တွေ ခွင့်ပြုပေးတာတွေ ရှိစေချင်တာပေါ့"ဟု ကျိုင်းတုံဒေသခံ ဦးအိုက်ခမ်းလှက Tachileik News Agency သို့ ပြောသည်။

မိုင်းဆတ်အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ (၈၇)ဦးကို မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် နှင့် အဖွဲ့က  ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် အထူးလျှော့ရက်များ ခံစားခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

အထူးလျှော့ရက်များ ခံစားခွင့်ပြုခံရသူများသည် အကျဉ်းဦးစီးဌာန၏ စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်သူများထဲက အကျဉ်းသားအကျဉ်းသူ (က)အဆင့် (၆၆)ဦး၊ (ခ)အဆင့် (၇)ဦး နှင့် (ဂ)အဆင့် (၁၄)ဦး စုစုပေါင်း (၈၇)ဦး ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံအကျဉ်းထောင် နှင့် မိုင်းဆတ်အကျဉ်းထောင်တို့ရှိရာ မိုင်းဆတ်အကျဉ်းထောင်က အကျဉ်းသားများအပေါ် အထူးလျှော့ရက် ခံစားခွင့်များ ပေးလေ့ရှိသော်လည်း ကျိုင်းတုံအကျဉ်းထောင်တွင် အထူးလျှော့ရက်ခံစားခွင့်ပေးခြင်း ရှိမရှိကိုတော့ မကြားသိရပေ။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ အဆိုပါ အကျဉ်းထောင်(၂)ခု အနက် ကျိုင်းတုံအကျဉ်းထောင်တွင် သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားအများအပြားရှိနေပြီး မိုင်းဆတ်အကျဉ်းထောင်တွင် အခြားအကျဉ်းသားများသာရှိသည်ဟု မိုင်းဆတ်အကျဉ်းဦးစီးဌာနထံက သိရသည်။

 စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက်ပိုင်း ကျိုင်းတုံအကျဉ်းထောင်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နှင့် အကြမ်းဖက်ဥပဒေများဖြင့် အမှုဖွင့်ပြီး မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား အများအပြားရှိနေသည်။