UWSA က ဖမ်းဆီးပြီး ပြန်အပ်လာသည့် ထိုင်းနိုင်ငံသားကို စစ်ကောင်စီအဖွဲ့က တဆင့်လက်ခံပြီး ထိုင်းဘက်သို့ လွှဲပြောင်းပေးအပ်

ထိုင်းဘက်သို့ ပြန်လွှဲစဉ်
ထိုင်းဘက်သို့ ပြန်လွှဲစဉ်
UWSA က ဖမ်းဆီးပြီး ပြန်အပ်လာသည့် ထိုင်းနိုင်ငံသားကို စစ်ကောင်စီအဖွဲ့က တဆင့်လက်ခံပြီး ထိုင်းဘက်သို့ လွှဲပြောင်းပေးအပ်
သြဂုတ် 9, 2022 | ရှမ်းရှေ့

 "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ဒါရိုက်တာတစ်ဦးကို စစ်ကောင်စီအဖွဲ့က တဆင့်လက်ခံပြီး ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားကနေ စစ်ကောင်စီအဖွဲ့က ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

UWSA ဘက်က တာချီလိတ်မြို့နယ် စစ်ဗျူဟာသို့ လွှဲပြောင်းစဉ်

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)တွင် ထိုင်းနိုင်ငံသား ဒါရိုက်တာ နိုင်းလာ့မိုက်မိုရီဖန်း(ခ)ဒဲန်နီ ဖမ်းခံထားရကြောင်း ထိုင်းမီဒီယာများ၌  ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းက ပျံ့နှံ့သွားပြီးနောက် UWSA ဘက်က ၂၀၂၂ခုနှစ် ဩဂုတ်လ(၇)ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ် စစ်ဗျူဟာမှူးထံ လွှဲပြောင်းအပ်နှံလာပြီးနောက် ယနေ့တွင် စစ်ကောင်စီအဖွဲ့က ထိုင်းဘက်သို့ တဆင့် ပြန်လည်လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံသား ဖမ်းခံထားရကြောင်း သတင်းများ ပျံ့နှံ့စဉ်က UWSA ဘက်က အကြွေးကိစ္စဖြင့် ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း UWSA ဘက်က စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး နှင့် တာချီလိတ်မြို့နယ်အဆင့် စစ်ကောင်စီအဖွဲ့သို့ လွှဲပြောင်းအပ်နှံစဉ်တွင် သတင်းများတွင် ပျံ့နှံ့နေသလို အကြွေးကိစ္စမဟုတ်ဘဲ  မူးယစ်ဆေးဖြတ်ပေးရန်အတွက် အချုပ်ဖြင့်ထည့်ထားပြီး ဖမ်းဆီးထားခြင်းသာဖြစ်သည်ဟု ရှင်းပြကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

UWSA တွင် ဖမ်းဆီးခံထားရစဉ်

ထိုင်းနိုင်ငံသား ဒါရိုက်တာ နိုင်းလာ့မိုက်မိုရီဖန်း(ခ)ဒဲန်နီ ကို မူးယစ်ဆေးဖြတ်ပေးရန်အတွက် ဖမ်းဆီးထားသည်ကို "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ အထက်ဌာနက မသိရှိကြောင်းနှင့် ယင်းသို့ လုပ်ဆောင်မှုကြောင့် UWSA ဘက်က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများကို အရေးယူမှုများ လုပ်ဆောင်ပြီးကြောင်းနှင့် ၎င်းအား "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) စစ်ဒေသ (၁၇၁)ဝမ်ဟုန်ရှိ အချုပ်ခန်းတွင် ထားရှိခြင်းသာဖြစ်ကြောင်း သိရသည်။

 ထိုင်းနိုင်ငံသား ဒါရိုက်တာ နိုင်းလာ့မိုက်မိုရီဖန်း(ခ)ဒဲန်နီ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရမှုနှင့် ပတ်သက်၍လည်း ထိုင်းဘက်က အဖြစ်မှန်ကို သိနိုင်ရန်အတွက် ဆက်လက်စစ်ဆေးသွားမည်ဟု သိရသည်။ 

#TachileikNewsAgency