မြန်မာ - ထိုင်းနယ်စပ် မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတွင် အဓမ္မအလုပ်စေခိုင်း ခံရသည့် မြန်မာအလုပ်သမားများကိစ္စ အထူး စစ်ဆေးနေ 

မြန်မာ - ထိုင်းနယ်စပ် မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတွင် အဓမ္မအလုပ်စေခိုင်း ခံရသည့် မြန်မာအလုပ်သမားများကိစ္စ အထူး စစ်ဆေးနေ 
By Mr John

 ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် အလုပ်သမားရေးရာဌာန တာဝန်ရှိသူများက မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အဓမ္မအလုပ်ခိုင်းစေခံခဲ့ရခြင်းရှိ မရှိ ထိုစက်ရုံ၌ အလုပ် လုပ်ကိုင်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၀) ကျော်ကို အထူးစစ်ဆေး မေးမြန်းနေကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူ့ဆက်ဆံရေးမီဒီယာက သတင်းထုတ်ပြန်ထားသည်။ 

မြန်မာ - ထိုင်းနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ VK Garment Co.,Ltd. အထည်ချုပ်စက်ရုံသို့  ရဲဗိုလ်ချုပ်ကြီး ဆူရာချက်က အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဦးစီးဌာနမှ တာဝန်ရှိသူများ အပါအဝင် မဲဆောက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ  ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က  သွားရောက်စစ်ဆေးပြီး နောက်ထပ် သတင်းအချက်အလက်များ စုဆောင်းရရှိရန် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

VKG အထည်ချုပ်စက်ရုံက ဗြိတိန်နိုင်ငံမှ Tesco လက်လီအရောင်းကုမ္ပဏီကြီးအတွက် အဝတ်အထည်များကို အော်ဒါလက်ခံ ချုပ်လုပ်ပေးနေကြောင်း သိရသည်။ 

Tesco အတွက် F&F တံဆိပ် ဂျင်းအဝတ်အထည်များ ချုပ်လုပ်ရသည့် မြန်မာအလုပ်သမားများမှာ အထည်ချုပ်စက်ရုံမှ အပြင်ထွက်ခွင့်မရဘဲ ပိတ်မိနေကြကြောင်း ဗြိတိသျှသတင်းစာ The Guardian က ဖော်ထုတ်‌ရေးသားခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက စီးနင်းမှုလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအလုပ်သမားများက သတင်းစာကို ပြောကြားမှုအရ ၎င်းတို့မှာ တစ်ပတ်လျှင် (၉၉) နာရီ အလုပ် လုပ်ကြရကြောင်းနှင့် တစ်ရက်လျှင် ဘတ် (၁၂၀) မျှသာ လုပ်အားခ ရရှိကြကြောင်း သိရသည်။ 

ထိုပမာဏမှာ ထိုင်းနိုင်ငံတွင် သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်အားခ၏ သုံးပုံတစ်ပုံခန့်မျှသာ ဖြစ်သည်။ 

အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံးရေးဌာနမှ အရာရှိများက ရဲတပ်ဖွဲ့နှင့်အတူ မဲဆောက်မြို့ရှိ လူဝင်မှုကြီးရေးဌာန အဆောက်အအုံတစ်ခုတွင် ဒီဇင်ဘာလ (၂၈) ရက်နေ့က VK အထည်ချုပ်စက်ရုံ အလုပ်သမားဟောင်းများကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။

Tesco ကုမ္ပဏီကို VKG အထည်ချုပ်စက်ရုံ အလုပ်သမားဟောင်း (၁၃၀) ဦးနှင့် အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက ဗြိတိန်တွင် တရားစွဲဆို ထားကြောင်းလည်း သိရသည်။ 

ထိုမိန်းကလေးငယ်မှာ သူမ၏ မိခင်ဖြစ်သူသည် F&F အဝတ်အထည်များကို အလုပ်ချိန်နောက်ကျသည်အထိ ချုပ်လုပ်နေရစဥ် စက်ရုံဝင်းအတွင်း အဓမ္မ ပြုကျင့်ခံခဲ့ရသည်ဟု The Guardian က ဖော်ပြသည်။ 

အလုပ်သမားများက Tesco ကို လစ်လျူရှုပေါ့ဆမှုနှင့် မတရားခေါင်းပုံဖြတ်မှုတို့ဖြင့် တရားစွဲထားသည်ဟု ဆိုသည်။

မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံရှိ Tesco ဆိုင်ခွဲများအတွက် F&F နှင့် အခြား အဝတ်အထည်များကို ၂၀၁၇ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း ချုပ်လုပ်ခဲ့ကြသည်။ 

Tesco က ထိုင်းနိုင်ငံရှိ ဆိုင်ခွဲများကို Charoen Pokphand Group သို့ ရောင်းချခဲ့ပြီး ထိုကုမ္ပဏီက Lotus's ဟု အမည်ပြောင်းလဲခဲ့သည်။ 

မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံ၏ နေ့စဥ် လုပ်ငန်းလည်ပတ်မှုတွင် Tesco က ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ယခု စွပ်စွဲမှုများမှာ အရေးကြီးကြောင်းနှင့် ထိုအချိန်က စွပ်စွဲမှုများအတိုင်း အမှန်တစ်ကယ် ဖြစ်ပျက်ခဲ့ပါက အထည်ချုပ်စက်ရုံနှင့် ချက်ချင်း ဆက်ဆံရေး ရပ်ဆိုင်းသွားမည်ဟု ပြောသည်။

ထိုအလုပ်သမားများက ၂၀၂၀ ခုနှစ်အတွင်း အလုပ်ထုပ်ခံခဲ့ရသည့် ထိုင်းနိုင်ငံ တရားရုံးများတွင်လည်း တရားမျှတမှုအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်ထားကြောင်း The Guardian သိရသည်။ 

လုပ်အားခကိစ္စ၊ အလုပ်လုပ်ရသည့် အခြေအနေနှင့် အနိမ့်ဆုံး လုပ်အားခပေးရန် ကိစ္စတို့နှင့်ပတ်သက်၍ စက်ရုံနှင့် ထိပ်တိုက်တွေ့ အရေးဆိုခဲ့ပြီးနောက် အလုပ်ထုတ်ခံခဲ့ရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

Source: Bangkok Post, Thai Police TV

Photo: TV5HD, Thailandreport News,