မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းသည့် ရုရှားတပ်ရင်းတစ်ခု၏ သံချပ်ကာယာဥ် အားလုံးနီးပါးကို ယူကရိန်းတပ်ဖွဲ့က တိုက်ခိုက် ဖျက်ဆီးခဲ့

မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းသည့် ရုရှားတပ်ရင်းတစ်ခု၏ သံချပ်ကာယာဥ် အားလုံးနီးပါးကို ယူကရိန်းတပ်ဖွဲ့က တိုက်ခိုက် ဖျက်ဆီးခဲ့
By Mr John

 မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းခဲ့သည့် ရုရှားတပ်ရင်းတစ်ခု၏ သံချပ်ကာယာဥ်  အားလုံးနီးပါးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး (၃)ရက်အတွင်း ထိုသို့ (၃)ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ကြောင်း ယူကရိန်းစစ်တပ်အရာရှိတစ်ဦးက BBC သတင်းဌာနကို ပြောသည်။ 

ရုရှားတပ်ဖွဲ့တွေက မဟာဗျူဟာအရ အရေးပါသည့် ယူကရိန်းအရှေ့ပိုင်း မြို့တစ်မြို့ကို ဝိုင်းရန်အတွက် Siversky Donets မြစ်ကို ဖြတ်ကူးရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေခဲ့ကြောင်း Luhansk ဒေသဆိုင်ရာ စစ်အုပ်ချုပ်ရေးအကြီးအကဲ Serhiy Hayday က ဆိုသည်။

သို့သော် ရက်နှင့်ချီကြာ ပြင်းထန်သည့် တိုက်ပွဲများအတွင်း ယူကရိန်းတပ်ဖွဲ့တွေက ရုရှား၏ စက်တပ်လှေများနှင့် ရဟတ်ယာဥ်များကို ဖျက်ဆီးပစ်ခဲ့ကြောင်း ၎င်းက ပြောသည်။ 

ထိုနေရာမှ ဓာတ်ပုံများအရ မြစ်ကမ်းဘေးတွင် ဒါဇင်နှင့်ချီသည့် မီးလောင်ပျက်စီးနေသော သံချပ်ကာယာဥ်များကို တွေ့ရပြီး ယူကရိန်းသတင်းဌာန InformNapalm ၏ အဆိုအရ ရုရှားက ထိုမြစ်ကိုဖြတ်ကူးရန် မေလ (၈) ရက်နေ့တွင် စတင်ကြိုးပမ်းခဲ့ကြောင်း သိရသည်။

သို့သော် ၎င်းတို့ ဖြတ်ကူးလာသည်နှင့် ယူကရိန်းတပ်ဖွဲ့တွေက တံတားခင်းရန် အသုံးပြုသည့် စက်တပ်လှေများကို ဖျက်ဆီးပစ်ခဲ့ပြီး ရုရှားစစ်သားများ ထောင်ချောက်မိသွားခဲ့သည်ဟု InformNapalm က ပြောသည်။ 

အလွန်အန္တရာယ်ရှိသည့် မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းမှုကို လုပ်ဆောင်ခြင်းက ရုရှားစစ်ဗိုလ်ချုပ်များအနေဖြင့် စစ်ပွဲအခြေအနေတိုးတက်မှုရှိရန် ဖိအားပေးခံနေရကြောင်း သိသာစေသည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယခုတိုက်ပွဲနှင့် ပတ်သက်ပြီး ရုရှားဘက်က မှတ်ချက်ပေးခြင်း မရှိသေးသလို Serhiy Hayday ၏ ပြောကြားမှုကိုလည်း BBC က သီးခြား အတည်မပြုနိုင်သေးကြောင်း သိရသည်။ 

သို့သော် ယူကရိန်းအရာရှိက ရုရှားစစ်သားများစွာ စုစည်းထားပြီး ယူကရိန်းတပ်ဖွဲ့တွေကိုဝိုင်းရန် အကြိမ်ကြိမ် ကြိုပမ်းနေသည်ဟု ပြောသည်။ 

"ကျွန်တော်တို့ ရုရှားထိုးစစ်ကို အရှိန်မလျှော့ချနိုင်သေးပါဘူး။ ရုရှားက ဒီနေရာကို ဆက်တိုက်ခိုက်နေပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ တိုက်ခိုက်နေပါတယ်" ဟု ၎င်းကဆိုသည်။

အကြိမ်ကြိမ် တိုက်ခိုက်မှုများအတွင်း ယူကရိန်းတပ်ဖွဲ့တွေက ခန့်မှန်းခြေအားဖြင့် ရုရှား၏ လက်နက်ကြီးများနှင့် သံချပ်ကာယာဥ် အစီး (၇၀) ကို ဖျက်ဆီးနိုင်ခဲ့ပြီး မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းမှုအား ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။ 

ထိုတိုက်ပွဲအတွင်း ပုံမှန်အားဖြင့် စစ်သား (၅၀၀) ကျော် ပါဝင်သည့် ရုရှားတပ်ရင်းမှ စစ်သားအရေအတွက်မည်မျှ သေဆုံးခဲ့ကြောင်း အတိအကျ မသိရပေ။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ကိဗ်မြို့တော်နှင့် အနီးတဝိုက်ကို အလျင်အမြန် သိမ်းပိုက်ထိန်းချုပ်ရန် ကြံရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ထိုနေရာများမှ ၎င်း၏တပ်ဖွဲ့များ ပြန်ဆုတ်ခွာသွားပြီးနောက် ယခုအခါ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အာရုံစိုက်ပြီး တိုက်ခိုက်နေခဲ့ပြီး ထိုဒေသတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေသည်။

Source: BBC

Photo: REUTERS,