အမေရိကန်တွင် ပျောက်ဆုံးနေသည့် အကျဥ်းသားနှင့် ထောင်ဝန်ထမ်းအမျိုးသမီးတို့ အထူးဆက်ဆံရေးရှိကြောင်း ဖော်ထုတ်သိရှိရ

အမေရိကန်တွင် ပျောက်ဆုံးနေသည့် အကျဥ်းသားနှင့် ထောင်ဝန်ထမ်းအမျိုးသမီးတို့ အထူးဆက်ဆံရေးရှိကြောင်း ဖော်ထုတ်သိရှိရ
By Mr John

 အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်တွင် ဧပြီ (၂၉) ရက်နေ့က ပျောက်ဆုံးသွားပြီး ထွက်ပြေးလွတ်မြောက် အကျဥ်းသားနှင့် အကျဥ်းထောင်ဝန်ထမ်း အမျိုးသမီးတို့ကြား အထူးဆက်ဆံရေးရှိခဲ့ကြကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောသည်။

လူသတ်မှုဖြင့် အမှုရင်ဆိုင်နေရသူ အကျဥ်းသားနှင့် ရင်းနှီးသည့် အခြားအကျဥ်းသားများက ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို အတည်ပြုခဲ့ကြကြောင်း အလာဘားမားရဲဌာနက ဆိုသည်။



၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အချစ်ရေးဟုတ် မဟုတ် ရဲဌာနက ထုတ်ဖော်ပြောကြားခြင်း မရှိဟု ဆိုသည်။

မေလ (၄) ရက်နေ့အထိ အသက် (၃၈) နှစ်အရွယ် အကျဥ်းသား ကေစီဝှိုက်နှင့် အသက် (၅၆) နှစ်အရွယ် အကျဥ်းထောင်ဝန်ထမ်း ဗစ်ကီဝှိုက်တို့ကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးမှာ တိုက်ဆိုက်စွာဖြင့် မျိုးရိုးနာမည်များ တူညီနေကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဆက်နွယ်မှုမရှိသူများ ဖြစ်သည်။



အကျဥ်းထောင်ဝန်ထမ်းဝှိုက်က အကျဥ်းသားဝှိုက်ကို စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးရန် တရားရုံးသို့ ပို့ဆောင်မည်ဟု ဟန်ပြခေါ်ဆောင်သွားခဲ့ပြီးနောက် နှစ်ဦးလုံး ပျောက်ဆုံးသွားခဲ့သည်။

အကျဥ်းသားနှင့်အတူ မစ္စဝှိုက် ပျောက်ဆုံးသွားသည့် ဧပြီ (၂၉) ရက်မှာ သူမ၏ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်ကြောင်း ယူဆရသည်။

မစ္စဝှိုက်က လတ်တလောတွင် သူမ၏ နေအိမ်ကို ရောင်းချလိုက်ပြီး ကမ်းခြေတွင် အချိန်းကုန်ရန်စီစဥ်ထားကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို ပြောခဲ့သည်။



ယခုအခါ ရဲတပ်ဖွဲ့က မစ္စဝှိုက်သည် ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း အကျဥ်းသားဝှိုက် လွတ်မြောက်ရန် အကျဥ်းထောင်လုပ်ထုံးလုပ်နည်းကို ချိုးဖောက်ပြီး ၎င်းကို သူမတစ်ဦးတည်း ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်ကြောင်း ယူဆထားသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် အကျဥ်းသားဝှိုက်ထံတွင် ထောင်ဝန်ထမ်းဝှိုက်၏ သေနတ်ရှိနေနိုင်ရာ အလွန်အန္တရာယ်ရှိကြောင်း အာဏာပိုင်တွေက ပြောထားသည်။



အာဏာပိုင်တွေ၏ အဆိုအရ ၎င်းတို့ထံတွင် AR-15 ရိုင်ဖယ်တစ်လက်နှင့် ပြောင်းချောသေနတ်တစ်လက် ရှိနေနိုင်ကြောင်း သိရသည်။

အကျဥ်းသားဝှိုက်ကို ပြန်လည်ဖမ်းဆီးနိုင်ရန်နှင့် မစ္စဝှိုက်၏တည်နေရာ သိရှိနိုင်ရန် သတင်းအချက်အလက်ပေးသူကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ဆုကြေးငွေ ပေးအပ်မည်ဟု US Marshals Service က ထုတ်ပြန်ထားသည်။



အကျဥ်းသားနှင့်အတူ ပျောက်ဆုံးနေသည့် မစ္စဝှိုက်မှာ လုပ်သက် (၂၅)နှစ် ခန့်ရှိပြီဖြစ်သည့် စံပြုထိုက်သည့် ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု Lauderdale ကောင်တီ ရဲမှူး ရစ်ခ်က မှတ်ချက်ပြုသည်။

သို့သော် အကျဥ်းသားကို တရားရုံးသို့ သူမကိုယ်တိုင် ခေါ်ဆောင်သွားရန် သူမ၏ ဆုံးဖြတ်ချက်မှာ လုပ်ထုံးလုပ်နည်း ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပုံမှန်အားဖြင့် ထိုကဲ့သို့ ပြစ်မှုကြီးသူတွေကို ခေါ်ဆောင်သွားပါက လက်ထောက်နှစ်ဦး လိုက်ပါရမည်ဖြစ်ကြောင်း ရဲမှူးက ရှင်းပြသည်။



ထွက်ပြေးလွတ်မြောက်သွားသည့် အသက် (၃၈) နှစ်အရွယ် အကျဥ်းသားဝှိုက်မှာ အသက် (၅၈) နှစ်အရွယ် ကွန်နီရစ်ဂျ်ဝေးကို ဓားဖြင့်ထိုးသတ်မှုဖြင့် ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း လူသတ်မှုစွဲချက်နှစ်ခုဖြင့် တရားစွဲဆိုခံထားရသူဖြစ်ကြောင်း US Marshals Service က ပြောသည်။

၎င်းသည် ၂၀၁၅ ခုနှစ်အတွင်း ဖောက်ထွင်းမှု၊ ကားခိုးမှု အပါအဝင် ပြစ်မှုများ ဆက်တိုက်ကျူးလွန်ခဲ့မှုအတွက် ပြစ်ဒဏ်ကျခံသူဟု ဆိုသည်။ လူသတ်မှုကိုလည်း ဝှိုက်က ဝန်ခံထားပြီး ရုံးချိန်းစောင့်ဆိုင်ဖြစ်သည်။

Source: BBC

Video: CCTV file