ရွှေတြိဂံဒေသ လာအိုနိုင်ငံအတွင်း ရခိုင်ရွာတွင် Lockdown ကြောင့် ပိတ်မိနေသည့် မြန်မာအိမ်ထောင်စု (၂,၃၄၉)ကို တောင်ခြေနေ စေတနာရှင်များက စားနပ်ရိက္ခာများ ပေးဝေလှူဒါန်း

ရွှေတြိဂံဒေသ လာအိုနိုင်ငံအတွင်း ရခိုင်ရွာတွင် Lockdown ကြောင့် ပိတ်မိနေသည့် မြန်မာအိမ်ထောင်စု (၂,၃၄၉)ကို တောင်ခြေနေ စေတနာရှင်များက စားနပ်ရိက္ခာများ ပေးဝေလှူဒါန်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့်နယ်စပ် လာအိုနိုင်ငံ၊ တုန့်ဖိန်းခရိုင်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရခိုင်ရွာတွင် COVID 19 ကြောင့် အသွားအလာကန့်သတ်ထားသည့်ရက် ကြာလာသည်နှင့်အမျှ စားဝတ်နေရေး အဆင်မပြေဖြစ်လာကြပြီး နေရပ်ပြန်ခွင့်လည်းမရ၍ အခက်အခဲဖြစ်နေကြသည်သည့်အတွက် စေတနာရှင်မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဇွန်လ(၆)ရက်နေ့က ပေးဝေထောက်ပံ့ပေးထားကြောင်း သိရသည်။

ကျွန်တော်တို့ တောင်ခြေရပ်ကွက်လူတွေက တတ်အားသမျှ လာလှူတဲ့သူတွေရယ်၊ ဌာနတွေဆီက အလှူခံလို့ရတာရယ် စုပေါင်းပြီးတော့ ရခိုင်ရွာအတွက်ဆိုပြီး စုစုပေါင်း ဘတ် (၂) သိန်းကျော်တန်ဖိုးရှိတဲ့ ဆီ၊ ဆန်၊ ဆား၊ ကြက်သွန်နီ၊ မာမားစတာတွေကို အိမ်ထောင်စု (၂,၃၄၉) အိမ်အတွက် တစ်အိမ်ထောင် တစ်ထုပ်နှုန်း သွားလှူပေးခဲ့တာပါ။ အဲဒီလိုထောက်ပံ့တာက သူတို့ရွာထဲမှာလည်း သူတို့အစီအစဉ်နဲ့ လှူတာတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ ရခိုင်ရွာအပြင်ဘက်က ရပ်ကွက်ပါ။ သူတို့အခက်အခဲရှိနေတယ်ဆိုလို့ စုပေါင်းလှူပေးကြတာပါ။ အခုလော့ဒေါင်းကာလမှာ ရခိုင်ရွာထဲကလူတွေက အလုပ်တော့ လုပ်ခွင့်မရှိကြတော့ဘူး။ အဝင်အထွက်လည်း အခုထိ လုံးဝခွင့်မပြုသေးဘူး။

ဟု သွားရောက်လှူဒါန်းပေးခဲ့သည့် တောင်ခြေနေ မြန်မာလုပ်သားတစ်ဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

လာအိုနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားအချို့မှာ နေရပ်ပြန်လိုသော်လည်း မြန်မာဘက်မှ နေရပ်ပြန်လက်ခံမည့်အစီအစဉ်မရှိသဖြင့် နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲဖြစ်နေကြောင်းလည်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများတွင်ရောက်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား နေရပ်ပြန်လက်ခံသည့်အစီအစဉ်ဖြင့် ယခင်ကလက်ခံပေးနေသော်လည်း စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေရပ်ပြန်လက်ခံနိုင်ခြင်းမရှိတော့ဘဲ ထိုင်းအကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်စေ့၍လွှဲပြောင်းလာသူများကိုသာ လက်ခံပေးနေခြင်းဖြစ်သည်။