တာချီလိတ်မြို့တွင် အဆွေတော် မီနီမတ် ဗုံးပေါက်ကွဲမှု အပါအဝင် ဖောက်ခွဲမှုများနှင့် ပတ်သက်သည်ဟုဆိုကာ အမျိုးသား(၂)ဦးကို ထောင်ဒဏ် တစ်သက်ချမှတ်ပြီး ကျန်တစ်ဦးကို (၁၀)နှစ်ချမှတ်

တာချီလိတ်မြို့တွင် အဆွေတော် မီနီမတ် ဗုံးပေါက်ကွဲမှု အပါအဝင် ဖောက်ခွဲမှုများနှင့် ပတ်သက်သည်ဟုဆိုကာ အမျိုးသား(၂)ဦးကို ထောင်ဒဏ် တစ်သက်ချမှတ်ပြီး ကျန်တစ်ဦးကို (၁၀)နှစ်ချမှတ်
ဒီဇင်ဘာ 29, 2022 | 2021 Military Coup| ရှမ်းရှေ့

 စစ်အာဏာသိမ်းထားသည့် ကာလအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အဆွေတော် မီနီမတ် ဗုံးဖောက်ခွဲမှု အပါအဝင် ဗုံးဖောက်ခွဲမှုများတွင် ပါဝင်သည်ဟု ဆိုကာ အမျိုးသား(၂)ဦးကို  ထောင်ဒဏ် တစ်သက်စီ ချမှတ်လိုက်ပြီး နောက်တစ်ဦးကို ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အမျိုးသား (၃)ဦးအား ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်အစောပိုင်းက တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ခန်းကနေ ကျိုင်းတုံအကျဉ်းထောင်သို့ သွားရောက် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

"သူတို့ကို တနင်္လာနေ့က  အမိန့်ချလိုက်တာ။ တစ်ဦးကို အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ် (၁၀)နှစ် ကျန်(၂)ဦးကိုတော့ ပုဒ်မ ၅၄ နဲ့ ထောင်ဒဏ် တစ်သက်ဆိုပြီးချလိုက်တာပေါ့။ ဒီနေ့ မနက်အစောပိုင်းမှာတော့ ကျိုင်းတုံထောင်ပို့လိုက်ကြပြီ"ဟု တာချီလိတ်တရားရုံးမှ အမည်မဖော်လိုသူ တစ်ဦးက   Tachileik News Agency သို့  ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ပြောပြသည်။ 

ထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ချမှတ်ခံရသူများမှာ အသက်(၄၇)နှစ်အရွယ် ကိုမြတ်မင်းစိုး(ခ)ကိုတူး  နှင့် အသက်(၂၈)နှစ်အရွယ် ကိုအောင်နိုင်ဦးတို့ ဖြစ်ကြပြီး ထောင်ဒဏ် (၁၀)နှစ်အဖြစ် ချမှတ်ခံရသူမှာ အသက်(၄၀)နှစ်အရွယ်ရှိ ကိုပေါလု ဖြစ်ကြောင်း သိရသည်။

စရဖ၏ စစ်ကြောချက်များအရ ၎င်းတို့ (၃)ဦးသည်  အဆွေတော် မီနီမတ် အပါအဝင် ဗုံးဖောက်ခွဲမှုများတွင် ပါဝင်ပတ်သက်ပြီး လက်နက်နှင့်ငွေကြေး ကူညီထောက်ပံ့မှုများ ပြုလုပ်သည်ဟု ဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများ တပ်လိုက်ပြီး အမှုဖွင့်ခြင်း ဖြစ်သည်။ 

၎င်းတို့ (၃)ဦးသည် ၂၀၂၂ခုနှစ်  မေလ၏ စတုတ္ထပတ်အတွင်းက  စရဖ [ စရတ(တသခ)ခွဲ(၂)၏ တပ်ဖွဲ့စု(၁) ]၏ ဖမ်းဆီး ရိုက်နှက် စစ်ကြောခြင်းကို ခံရပြီးနောက် မေလ(၂၈)ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်းသို့ ပြန်လည်လွှဲပြောင်းရာ ဇွန်လ(၂၄)ရက်နေ့တွင် စွဲချက်တင်ပြီးနောက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် တာချီလိတ်ခရိုင် တရားကြီးဦးစံမြင့်က အမိန့်ချလိုက်ခြင်းဖြစ်ပြီး အမိန့်နှင့် ပတ်သက်ပြီး ပြင်ဆင်ခြင်း နှင့် အယူခံတက်ရောက်ခွင့် မရှိကြောင်း သိရသည်။ 

တာချီလိတ်ခရိုင်/မြို့နယ် တရားသူကြီးများသည် မူးယစ်ဆေးဝါးမှု နှင့် စစ်အာဏာရှင်ကို မဆန့်ကျင်သည့် လက်နက်မှုများကို ငွေကြေးများရယူကာ လျော့ပေါ့ပေးခြင်း ပြစ်ဒဏ်အနည်းဆုံး သတ်မှတ်ပေးခြင်းများ ပြုလုပ်လေ့ရှိသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်သူမှန်သမျှအား အမြင့်ဆုံး ထောင်ဒဏ်များအထိ ချမှတ်နေလျက်ရှိရာ အာခါဈေးမှ ပန်းရောင်းသည့် အမျိုးသမီးကိုလည်း စစ်အာဏာရှင်ဆန့်ကျင်မှု နှင့် အကြမ်းဖက်မှုတို့ဖြင့် ထောင်ဒဏ် (၁၀)နှစ်ကျော်အထိ ချမှတ်ခဲ့သေးသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းကာလအတွင်း၌ ဖြစ်ပွားသည့် အောင်မြတ်ခန်းမဗုံးကွဲမှု၊ စစ်တပ်ထောက်ခံပွဲအတွင်း ဗုံးပေါက်မှုများ နှင့် အခြား ဗုံးပေါက်ကွဲမှုများတွင် ပါဝင် ပတ်သက်သည်ဟုဆိုကာ အသက်(၂၄)နှစ်အရွယ် "ဝ"တိုင်းရင်းသား လူငယ်ဖြစ်သည့် အိုက်ဆိုင်မိန်းဆိုသူကိုလည်း သေဒဏ်ချမှတ်ထားသလို မိန်းကလေးငယ် တစ်ဦးကိုလည်း ထောင်ဒဏ်(၁၇)နှစ် ချမှတ်ထားသည်။

ယင်းအပြင် နောက်ထပ် လူငယ်တစ်ဦးကိုလည်း တာလော့ရပ်ကွက်အတွင်း၌ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် ဦးခေါင်း နှင့် ဆီးခုံတို့တွင် ကျည်မှန်ဒဏ်ရာရရှိပြီး လက်ရှိအချိန်အထိ ဆီးပိုက်တန်းလန်းဖြင့် တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ခန်း နံပါတ် အခန်း(၃)တွင် ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်မှုဖြင့် ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီး ထောင်ချထားသူ အများအပြားရှိသလို အကြမ်းဖက်ဥပဒေဖြင့်ပါ အမှုဖွင့် ဖမ်းဆီးထားသူများလည်း အများပြားရှိနေသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံထားရသည့်ကာလအတွင်း အမြင့်ဆုံး ပြစ်ဒဏ်ချခံရသူများတွင် သေဒဏ် (၁)ဦး နှင့် ထောင်ဒဏ်တစ်သက် (၂)ဦး အပြင် ထောင်ဒဏ် (၁၀)နှစ်အထက် ချမှတ်ခံရသူ အနည်းဆုံး (၅)ဦး အထက်ရှိနေသည်။