တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်အုပ်စု ထောက်ခံပွဲအတွင်း ဗုံးခွဲသည်ဟုဆိုကာ “ဝ”တိုင်းရင်းသား လူငယ်တစ်ဦး  မသေမခြင်း ကြိုးကွင်းစွပ် သေဒဏ် အမိန့်ချ ခံရ

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်အုပ်စု ထောက်ခံပွဲအတွင်း ဗုံးခွဲသည်ဟုဆိုကာ “ဝ”တိုင်းရင်းသား လူငယ်တစ်ဦး  မသေမခြင်း ကြိုးကွင်းစွပ် သေဒဏ် အမိန့်ချ ခံရ
ဇွန် 2, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်အုပ်စု ထောက်ခံပွဲအတွင်း ဗုံးခွဲခံရမှုနှင့် ပတ်သက်၍ “ဝ”တိုင်းရင်းသား လူငယ်တစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေသည့် သေဒဏ်ကို တာချီလိတ်ခရိုင်တရားရုံးက အမိန့်ချလိုက်ကြောင်း သိရသည်။



တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသည့် ထောက်ခံပွဲအတွင်း ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဗုံးခွဲရာတွင် ပါဝင်သူဟု သတ်မှတ်ကာ "ဝ"တိုင်းရင်းသားလူငယ်တစ်ဦးကို စရဖ က ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်ကာ စစ်ကြောရေး ပြုလုပ်‌ပြီးနောက် တာချီလိတ်ခရိုင်တရားရုံးတွင် သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းနေ အသက်(၂၄)နှစ်အရွယ် "ဝ"တိုင်းရင်းသား လူငယ်ဖြစ်သည့် အိုက်ဆိုင်မိန်းဆိုသူအား ဝန်ခံလာရန်အတွက် စရဖက သေလုမျောပါ ရိုက်နှက်စစ်ဆေးခဲ့သည်ဟု သိရသည်။

 

“အဲ့ဒီ “ဝ” ကောင်လေးကို စရဖ က သေအောင် ရိုက်စစ်တာ။ သေတော့မလို အသက်ရှုပ်ကြပ်တဲ့အထိ ဖြစ်သွားတာ၊ အသက်ရှုတာ ပုံမှန်မဟုတ်တော့မှ ရိုက်တဲ့ကောင်တွေကို သူတို့ထက် ကြီးတဲ့သူက မင်းတို့ ရိုက်စစ်တာကို ခဏနားလိုက်ဦး။ ဒီအတိုင်းဆို သေသွားလိမ့်မယ်။ ပြီးမှ ပြန်ရိုက်စစ်ဆိုလို့ ‌ရိုက်တဲ့ကောင်တွေကလည်း နားလိုက် ရိုက်လိုက်၊ နားလိုက်ရိုက်လိုက် အဲ့လောက်ထိ လုပ်တာ”ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖမ်းဆီးစစ်ဆေးခံရသည့်  "ဝ"တိုင်းရင်းသား လူငယ် အိုက်ဆိုင်မိန်း ကို ထောက်ခံပွဲအတွင်း လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ကာ လူထိခိုက်သေဆုံးသည်အထိ ဖြစ်ပွား၍ဟုဆိုကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၈/၂၀၂၂၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄/ကျင့်၅၁၂ ဖြင့် အမှုဖွင့်လိုက်ပြီးနောက် တာချီလိတ်ခရိုင်တရားရုံး ရာကြီးအမှတ် ၅၉/၂၀၂၂၊ ရာထွေ ၁၇/၂၀၂၂ ဖြင့် စိုင်းဆိုင်မိန်း အား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄အရ သေဒဏ် ကျခံစေရန် အမိန့်ချလိုက်ပြီး ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၈ အရ မသေမခြင်း ကြိုးကွင်းစွပ်ပြိး သတ်‌ရန် တာချီလိတ်ခရိုင်တရားသူကြီးက အမိန့်ချလိုက်ခြင်း ဖြစ်သည်။



၎င်းနှင့် ထောက်ခံပွဲတွင် ဗုံးခွဲရာ၌ ပါဝင်သူဟု စွပ်စွဲခံထားရသည့် အသက်(၂၁)နှစ်အရွယ် ထက်လင်းအောင်ကိုလည်း  အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ ထောင်ဒဏ်(၇)နှစ် ချမှတ်ခံလိုက်ရကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်အုပ်စု၏ ထောက်ခံပွဲအတွင်း လက်ပစ်ဗုံးကွဲမှုနှင့်အတူ စစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်တို့၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့်  ဒဏ်ရာရ၍ ဆေးကုသရင်း သေဆုံးသူများ အပါအဝင် ‌(၄)ဦး သေဆုံးပြီး (၃၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများတွင် တာလေစစ်တပ်မှ အပါအဝင် စစ်မှုထမ်းဟောင်းများ ပါဝင်ကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းနိုင်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တာချီလိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ၊ တာချီလိတ်တပ်နယ်၊ စစ်မှုထမ်းဟောင်းတို့က စီစဉ်ရာ မြို့ပေါ်နေ ပြည်သူများ ပါဝင်မှုနည်းပါး၍ မသိမနားမလည်သည့် မိုင်းကိုးကျေးရွာအုပ်စုထဲက တိုင်းရင်းသားအများစုကို ခေါ်ယူအသုံးချသလို စစ်မှုထမ်းဟောင်းများလည်း ပါဝင်သည့် အဆိုပါ ထောက်ခံပွဲကို မိုင်းကိုးပြည်သူ့စစ်အဖွဲ့ အပါအဝင် တာလေ စစ်တပ်တို့က သေနတ်များ ကိုင်ဆောင်ပြီး အရပ်ဝတ်ဖြင့် လုံခြုံရေးအဖြစ် လိုက်ပါပေးခဲ့ကြပြီး  ဗုံးကွဲသည့် အချိန်တွင် ရမ်းသမ်းပစ်ခတ်သည့် မြင်ကွင်းများကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ရသည်။